03/03/2026
အပူဆုံး ဖြစ်လာနိုင် တဲ့ 🥹🥹
သမိုင်းတလျောက် စံချိန်တင် အပူဆုံး နွေရာသီဖြစ်လာမယ့် ၂၀၂၆။
ဒီနှစ် ၂၀၂၆ ယခုနွေရာသီဟာ ကမ္ဘာတစ်ဝန်းမှာရော မြန်မာနိုင်ငံမှာပါ အလွန်ပူပြင်းတဲ့နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ စံချိန်တင်နိုင်ချေကတော့ ၂၀၂၆ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ် (၄) နှစ်စာရင်းထဲမှာ ပါဝင်လာဖို့ အလားအလာ အလွန်များနေပါတယ်။ ဒါကြောင့် ဒီနှစ်အပူဟာ ဘာကြောင့်ဖြစ်လာတာလဲ၊ ဒီနွေရာသီမှာ သက်တောင့်သက်သာနဲ့ ကျန်းမာကိုက်ညီအောင် ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာတွေ ပြောပြပေးပါမယ်။
၂၀၂၆ ခုနှစ်ရဲ့ တစ်နှစ်တာ ပျမ်းမျှအပူချိန်ဟာ စက်မှုခေတ်မတိုင်မီကထက် ၁.၄၄ ဒီဂရီ ဆဲလ်စီးယပ်စ် (+/- 0.09) ခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်ဟာ နောက်ဆုံး အလွန်ပူပြင်းထားတဲ့ ၂၀၂၃ ခုနှစ်ထက် ပိုမိုပူပြင်းဖို့ ရာနှုန်းပြည့်နီးပါး သေချာသလောက် ရှိနေပါတယ်။
ဒီလိုစံချိန်တင် ပူပြင်းလာရတဲ့အကြောင်းအရင်းကတော့ ၂၀၂၅ နှောင်းပိုင်းတုန်းက အယ်လ်နီညို (El Niño) အရှိန်ရဲ့ အကြွင်းအကျန်ကြောင့်လဲပါပါတယ်။ အယ်လ်နီညိုဆိုတာ အလွယ်ဆုံးပြောရရင် "သမုဒ္ဒရာရေပြင် ပုံမှန်ထက် ပူနွေးလာတဲ့ ဖြစ်စဉ်" ပါ။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကနေ စတင်ခဲ့တဲ့ အယ်လ်နီညိုအရှိန်ဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်ဝက် (နွေရာသီ) အထိ ရိုက်ခတ်မှုရှိနေတာပါ။ ဒီနှစ် အရမ်းပူမယ့် တခြားအကြောင်းတွေကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ Heat Dome (အပူလှိုင်းပိတ်မိခြင်း) ဖြစ်စဉ်တို့ကြောင့်လဲပါပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒီဖြစ်စဉ်ကြောင့် နွေရာသီမှာ အပူဒဏ်ကို အဆမတန် ခံစားရတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေကို ဂရုတစိုက်နဲ့ ရာသီဥတုနဲ့ သဘာဝဖြစ်စဉ်တွေ ကြိုတင်ထုတ်ပြန်တာမရှိတဲ့ အတွက်
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ တွက်ချက်ခန့်မှန်းမှုတွေကိုပဲ ပြောပြပေးပါမယ်။
ထိုင်းနိုင်ငံရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ နွေရာသီမှာ အပူချိန်ဟာ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၄၃ ဒီဂရီ အထိ မြင့်တက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နွေရာသီ အပူချိန်အပေါ်မှာလည်း အလားတူ သက်ရောက်မှု ရှိနိုင်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဆိုးဆိုးရွားရွား ပူပြင်းနိုင်ပြီး အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် အထက်ကို ကျော်လွန်ဖို့ အလားအလာ ရှိပါတယ်။
ပုံမှန်အေးတဲ့ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်လဲ ဒီနှစ်ပုံမှန်ထက် သိသိသာသာပူလာနိုင်ပါတယ်။
ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့ကတော့ အလယ်ပိုင်းလောက် အပူချိန်ဂဏန်း မများပေမဲ့ ပင်လယ်လေကြောင့် စိုထိုင်းဆ (Humidity) အရမ်းများပါတယ်။ အဲဒီအခါ လူ့ခန္ဓာကိုယ်က ခံစားရတဲ့အပူ (Feel Like Temperature) က တကယ့်အပူချိန်ထက် ပိုများနေပြီး မွမ်းကျပ်ပူအိုက်တာ မျိုးကို အဆိုးဆုံး ခံစားရမှာပါ။
ဘယ်လို ဂရုစိုက်နေထိုင်ရမလဲ?
-ရေဓာတ်ကို အဓိကထားပါ (Hydration)
ရေများများသောက်ပါ။ ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာ (သို့မဟုတ်) ဖန်ခွက် ၁၀ ခွက်ထက်မနည်း သောက်ပေးပါ။ ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်က ဆားဓာတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ ဓာတ်ဆားရည် (ORS) ကို ရံဖန်ရံခါ သောက်ပေးသင့်ပါတယ်။
အရက်သေစာ၊ ကဖင်းဓာတ်များတဲ့ ကော်ဖီနဲ့ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေကို ရှောင်ပါ။ သူတို့က ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။
-အပြင်ထွက်တဲ့အခါ သတိထားပါ (Outdoor Safety)
အချိန်ကို ရွေးချယ်ပါ၊ နေပူအရှိန်အပြင်းဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အပြင်ထွက်တာနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ပါ။အကာအကွယ်ယူပါ၊ အပြင်ထွက်ရမယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် သုံးပါ။ အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိတဲ့ ချည်သား (Cotton) အင်္ကျီတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။
နေရောင်တိုက်ရိုက်မထိပါစေနဲ့: အပြင်သွားရင် အရိပ်ရတဲ့နေရာကနေ လမ်းလျှောက်ပါ။
-အစားအသောက်နှင့် နေထိုင်မှု (Lifestyle)
အစာကြေလွယ်တာစားပါ၊ ပူအိုက်တဲ့အချိန်မှာ အသားဟင်းအလေးကြီးတွေထက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ (ဥပမာ - ဖရဲသီး၊ သခွားသီး) တွေကို ပိုစားပေးပါ။
ခန္ဓာကိုယ်ကို အေးမြအောင်ထားပါ၊ နေ့စဉ် ရေပုံမှန်ချိုးပါ။ အလွန်အမင်း ပူအိုက်နေချိန်မှာ ရေအေးဝတ်နဲ့ ပွတ်တိုက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
လေဝင်လေထွက်အတွက် အိမ်တွင်းမှာ လေဝင်လေထွက် ကောင်းမွန်အောင် ပြတင်းပေါက်တွေ ဖွင့်ထားပါ။ အခန်းအပူချိန် အရမ်းတက်နေရင် လျှပ်စစ်ပန်ကာကို လူနဲ့တိုက်ရိုက် မထိစေဘဲ လေလည်ပတ်အောင် ထားပေးပါ။
-အရေးပေါ်သတိပြုရန် - အပူလျှပ်ခြင်း (Heat Stroke)
ခန္ဓာကိုယ် အပူချိန် အရမ်းတက်ပြီး ချွေးမထွက်တော့ဘဲ သတိလစ်တာဟာ အသက်အန္တရာယ်ရှိတဲ့ Heat Stroke ဖြစ်နိုင်ပါတယ်။
ရှေ့ပြေးလက္ခဏာများ:
ခေါင်းအရမ်းကိုက်ခြင်း၊ မူးဝေခြင်း။
ပျို့အန်ခြင်း၊ ရင်တုန်ခြင်း။
အသားအရေ နီရဲပြီး ပူခြစ်နေခြင်း။
သတိလစ်ခြင်း (သို့မဟုတ်) စိတ်ကယောင်ကတမ်းဖြစ်ခြင်း။
ရှေးဦးသူနာပြုစုနည်း:
-လူနာကို အေးမြပြီး အရိပ်ရတဲ့နေရာကို ချက်ချင်းရွှေ့ပါ။
-အဝတ်အစားတွေကို ချွတ်ပေးပါ (သို့မဟုတ်) ပေါ့ပါးတာဝတ်ပေးပါ။
-ရေအေး (သို့မဟုတ်) ရေခဲရေဝတ်နဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။
-သတိရှိနေရင် ရေအေးအေး တိုက်ပေးပါ။
-အခြေအနေ မထူးခြားရင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ။
နောက်ဆုံးတစ်ခုကတော့ မြန်မာနိုင်ငံမှာ အိမ်ခြေရာမဲ့ အလွန်ပေါကြောင့် ဒီလိုပူပြင်းတဲ့နှစ်တွေတိုင်း အပူဒဏ်ကြောင့် အိမ်ခြေရာမဲ့တွေ အသက်ဆုံးရှုံးရတာ အားလုံးအသိပါပဲ။
အခုလို စံချိန်တင် ပူပြင်းမယ့် ၂၀၂၆ နွေရာသီမှာမိတ်ဆွေတို့ ဆန္ဒရှိတယ်ဆို အိမ်ခြေရာမဲ့တွေအတွက် ဒီလိုလေးတွေကူညီနိုင်ပါတယ်။
ဒီနှစ်လို အပူချိန် ၄၀ ဒီဂရီကျော်တဲ့အခါ လမ်းပေါ်မှာ နေထိုင်သူတွေအတွက် အောက်ပါပစ္စည်းလေးတွေက အရမ်းအရေးကြီးပါတယ် -
သောက်ရေသန့်: ရေဘူးအေးအေးလေးတွေ ဒါမှမဟုတ် ရေဗူးအကြည်လေးတွေ လှူပါ။ (အပူဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်တာ အသက်အန္တရာယ် ရှိနိုင်လို့ပါ)
ဓာတ်ဆားထုတ်: ရေထဲဖျော်သောက်ရုံပဲဆိုတော့ သူတို့အတွက် အင်အားဖြစ်စေပါတယ်။
ထီး သို့မဟုတ် ဦးထုပ်: နေရောင်တိုက်ရိုက်မထိအောင် အကာအကွယ်ပေးနိုင်ပါတယ်
ယပ်တောင်: လျှပ်စစ်မရှိတဲ့နေရာမှာ ဒါဟာ သူတို့အတွက် အသုံးအဝင်ဆုံးပါ။
-တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ (Hygiene Kits)
ရောဂါဘယ ကာကွယ်နိုင်ဖို့အတွက် အထုပ်သေးလေးတွေ လုပ်ပြီး လှူဒါန်းနိုင်ပါတယ် -
ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ။
တစ်ရှူးအစို (Wet Tissues) - ရေချိုးဖို့ ခက်ခဲတဲ့သူတွေအတွက် ကိုယ်လက်သန့်စင်ဖို့ အရမ်းအဆင်ပြေပါတယ်။
လက်သန့်ဆေးရည် (Sanitizer)။
-အစားအသောက် လှူဒါန်းခြင်း။
ပျက်စီးလွယ်တာမျိုး ရှောင်ပါ: ပူအိုက်တဲ့အချိန်မှာ ဟင်းတွေက မြန်မြန်သိုးလွယ်လို့ အသင့်စားလို့ရတဲ့ မုန့်ခြောက်၊ ပေါင်မုန့် ဒါမှမဟုတ် သစ်သီး (ငှက်ပျောသီး၊ လိမ္မော်သီး) တွေက ပိုကောင်းပါတယ်။
အစာကြေလွယ်တာမျိုး: သက်ကြီးရွယ်အို အိမ်ခြေရာမဲ့တွေအတွက် ဝါးရလွယ်ပြီး အစာကြေလွယ်တဲ့ အစားအစာကို ဦးစားပေးပါ။
မိုးနဲ့ ဆောင်းကို ဖြတ်ကျော်လာတဲ့ အိမ်ခြေရာမဲ့ အများစုဟာ အဝတ်ထူထူ တွေပဲရှိကြပါလိမ့်မယ်။ ဒီလိုပူပြင်းတဲ့ ရာသီရောက်တဲ့အခါလဲ ဝတ်စရာမရှိသူတို့ဟာ အဝတ်အထူတွေပဲ ဝတ်မြဲဝတ်နေနိုင်တာမို့ ကိုယ်မဝတ်တော့တဲ့ ပွပွချောင်ချောင် ချည်သားအင်္ကျီဟောင်းတွေကို သန့်သန့်ရှင်းရှင်း လျှော်ဖွတ်ပြီး ပေးကမ်းနိုင်ပါတယ်။
အားလုံး စိတ်ရော၊ လူရော ကျန်းမာစွာနဲ့ အပူဒဏ်ကို အန်တုနိုင်ကြပါစေ။ လူအများဖတ်ရှုလို့ရအောင် Shareလေးလုပ်သွားပေးဖို့ အကြံပြုပါတယ်။
-William Abramson
ကိုးကား : -WMO (World Meteorological Organization)
-NASA & NOAA
-TMD (Thai Meteorological Department)
-Climate Change Models
ုသုတ #အပူဒဏ်အန္တရာယ် #ကျန်းမာရေး #နွေရာသီ #ဗဟုသုတ