18/11/2025
စန္ဒကိန္နရီ
(တဖုံချစ်ပွဲ၊ ဆင်ယင်နွှဲခိုက်)
ဂန္ဓမာစန္ဒာ၊ မြိုင်ဟေမာတွင်
မာလာမျိုးစုံ၊ မွှေးပျံ့ထုံ၍
ပျံတုံလူးလာ၊ သာရကာတို့
သံသာချိုမြ၊ တွန်ကြွေးကြစဉ်...။
စမ်းရေတံခွန်၊ ဖြာစီးသွန်၍
သံဝှန်ငြိမ့်လေး၊ ကြည်လင်အေးသည့်
မြသွေးနဒီ၊ ခွေရစ်လည်ကာ
ငွေခြည်သောင်စွယ် ထွန်းတော့၏။
ကိန္နရီကိန္နရာ၊ လည်ယှက်ကာဖြင့်
ငွေလွှာပြန့်ပြူး၊ သောင်ယံဦးဝယ်
သီကျူးက,ခုန်၊ ပျော်မျိုးစုံဖြင့်
တဖုံချစ်ပွဲ၊ ဆင်ယင်နွှဲခိုက်...။
ထိုရောအခါ၊ ပြည်ဗာရာမှ
ရာဇာမင်းကြီး၊ တကိုယ်တည်းလျှင်
လေးကြီးကိုစွဲ၊ ဟေဝန်ထဲသို့
အမဲလိုက်ရန် ကြွခဲ့ပြန်သော်...။
ငွေသောင်ယံဦး၊ ကခုန်မြူးသည့်
နှစ်ဦး မ,ဖို၊ ငှက်ရွယ်ပျိုအား
ထိုသည့်ရာဇာ၊ ဝေးရပ်ကွာက
လှမ်းကာမျှော်ကြည့် မြင်မိ၏။
ကိန္နရီမယ်၊ ချစ်စဖွယ်ကို
ခင်တွယ်မေတ္တာ၊ ကောက်လိုပါ၍
ရာဇာဘုရင်၊ မြှားကိုငင်လျက်
သူ့လင်ကိုသာ ခွင်းတော့သည်။
ကိန္နရီဖို၊ ခန္ဓာကိုယ်မှ
သွေးယိုစီးထွက်၊ မြှားဒဏ်ချက်ကြောင့်
လျောင်းလျက်သောင်ပေါ်၊ မေ့မူးမော်ပြီး
သက်သော်မှတည့်၊ မရှူမိခဲ့။
ကိန္နရီမယ်၊ သနားဖွယ်မှာ
စီးသွယ်မျက်ရေ၊ တတွေတွေဖြင့်
ချစ်ဆွေလင်ဖုန်း၊ သူ့ကိုယ်လုံးကို
ယူကျုံးပွေ့ကာ ပူတော့သည်။
သည်အခါတွင်၊ စန္ဒီခင်ကို
ဘုရင်မင်းက၊ မြှောက်စား မ,ပြီး
အဂ္ဂမဟေသီ၊ ဘွဲ့ပေးမည်ဟု
သာကြည်မိန့်ကြား၊ မြွက်ဆိုငြားလည်း...။
စန္ဒီဖြူကား...
မတူသဘော၊ ငြင်းဆန်ပြော၍
မြတ်သောဣန္ဒာ၊ နတ်ရာဇာကို
သစ္စာဆိုမှု၊ တိုင်တည်ပြုစဉ်...။
နတ်ဘုရင်လည်း...
ဆောလျင်မကြာ၊ ကိန္နရာကို
ကယ်ကာကုစား၊ သက်ဆက်ထားသည်
သူကားတဖန်၊ ရှင်ခဲ့ပြန်၏။
ထိုရောအခါ၊ ကိန္နရာနှင့်
သက်လျာဒါလီ၊ ကိန္နရီတို့
ရွှင်ကြည်အားသစ်၊ မေတ္တာစစ်ဖြင့်
အချစ်မဏ္ဍိုင် မြဲသတည်း။ ။
(မောင်ရှင်)