22/08/2023
"အပြုသဘောဆောင်တဲ့ စိတ်ဟာ အလုပ်တွေကို ပြီးမြောက်စေတယ်"
🔳 Positivity fuels productivity.
ဘဝတစ်ခုကို နေထိုင်ဖြတ်သန်းတဲ့အခါ မျှော်လင့်မထားတဲ့ အထစ်အငေါ့တွေ၊ ပြဿနာတွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံရတတ်ပါတယ်။ အနီးစပ်ဆုံး လက်ရှိ ကိုယ့်အနေအထားကိုပဲ ကြည့်။ တစ်ကမ္ဘာလုံး ထင်မထားလောက်အောင် မွှေသွားတဲ့ ကိုဗစ်ကိုပဲ ကြည့်။
ပြောမယ်ဆို ဒါကိုက ဘဝပဲ။ အရာရာ အဆင်ချောနေရင်၊ မျှော်လင့်ထားသမျှ ဖြစ်နေရင် စိတ်ကူးယဉ် ဆန်သွားလိမ့်မယ်။
🔳 ကျောင်းပြီးတာနဲ့ အလုပ်ဝင်မယ်၊ မိဘကို မမှီခိုတော့ဘူး၊ ကိုယ့်ဟာကိုယ် ရပ်တည်မယ် တွေးထားတယ်။ မမျှော်လင့်ဘဲ အဖေဆုံးသွားတော့ ကိုယ်လည်း ကျောင်းပြီးအောင် ဆက်တက်ဖို့ မဖြစ်နိုင်တော့ဘူး။
ကိုဗစ်အပြီး အလုပ်တွေ ပြန်စတော့မယ်၊ တိုးချဲ့မယ် တွေးထားတယ်။ နိုင်ငံရေးပြဿနာ ကြုံတော့ ကြံစည်ထားသမျှ အကုန်ပျက်စီးသွားတယ်။
နေ့စဉ်ဘဝမှာရော ဘာထူးလဲ။ အပြင်သွားတယ်။ ကားပျက်တယ်။ မိုးမရွာလောက်ဘူး ထင်ပြီး ထီးထားခဲ့မိတဲ့နေ့ကျမှ မိုးထရွာတယ်။ ဒါတွေ ကြုံနေကြရတာပဲ။
🔳 အဲဒီအခါ ဘယ်လိုတုံ့ပြန်ကြသလဲ။
တချို့က အပြစ်တင်တယ်။ အခြေအနေကို လက်သင့်မခံဘူး။ ဒီသောက်မိုးကလည်း ငါအပြင်သွားမှ ရွာရသလား။ မင်းကလည်း ကားကို ဘယ်လိုမောင်းနေမှန်း မသိဘူး။ သေချာမှ မစစ်ဆေးတာ။ ပျက်ပြီပေါ့။ သောက်ဘဝကြီးကလည်း ဆိုးလိုက်တာ၊ ဘာလုပ်လုပ်ကို အကျိုးမပေးဘူး။ ဒီလိုတွေ ပြောတတ်ကြတယ်။
တချို့ကျတော့ နောင်တရတယ်။ ငါ ဒီလမ်းက မလာခဲ့မိရင် ကောင်းသား။ အစောကတည်းကသာ ကြိုသိရင် ငါ ဒါကို မလုပ်ပါဘူး။ ငါက အသုံးကိုမကျတဲ့သူပါ။ ဒါမျိုးတွေ တွေးပြီး လက်လျှော့နေမိတတ်ကြတယ်။
🔳 Positivity အပြုသဘောဆောင်တယ် ဆိုတာကတော့ အခြေအနေကို လက်ခံလိုက်တယ်။ အိုခေ ဒါတော့ ဒီလိုဖြစ်သွားပြီ။ အပြစ်တင်နေလို့လည်း အလကားပဲလေ။ ဆဲဆိုနေလို့ ပျက်နေတဲ့ကား ပြန်ကောင်းမသွားဘူး။ သည်းနေတဲ့မိုး ပြန်စဲမသွားဘူး။ ရှုပ်နေတဲ့ ပြဿနာ ပြေလည်မသွားဘူး။ Blame လုပ်တိုင်းသာ ပြေလည်သွားလို့ကတော့ ဘဝကြီးက အင်မတန် သာယာနေမှာပဲ။
ပြီးတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို တွေးတယ်။ ကားပြင်ဆရာ ခေါ်လို့ မီမလား။ ဒါမှမဟုတ် တက္ကစီနဲ့ သွားရမလား။ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ ကားကို ခေါ်ရမလား။ ဒီလို Option တွေ ရွေးပြီး စဉ်းစားမယ်။ ဆုံးဖြတ်မယ်။
ဒီတော့ ကိုယ်နဲ့ ဆက်ဆံရသူတွေရဲ့ ခံစားချက်ကလည်း ကောင်းသွားတယ်။ အပြစ်တင်ခံရမှာ ကြောက်မနေရတော့ဘူး။ လန့်မနေရတော့ဘူး။ တစ်ဖက်မှာ ကိုယ်တိုင်လည်း လုပ်စရာရှိတာ ဆက်လုပ်နိုင်သွားတယ်။
ဒါကြောင့်လည်း ဘဝမှာ Positivity ဟာ သိပ်အရေးကြီးတာ။
🔳 တစ်ခုတော့ ရှိတာပေါ့။ လှည်းဘီးနွံနစ်နေတာကို အတူဝိုင်းမတွန်းဘဲ ကိုယ့်အထုပ်ကလေး ကိုယ်ယူပြီး တခြားလှည်းပြောင်းစီးသွားတာမျိုးကိုတော့ Positivity မခေါ်ဘူး။ အတ္တကြီးတယ်ပဲ ပြောရမယ်။
အခုပြောတဲ့ အကောင်းမြင်စိတ် ဆိုတာကျ လှည်းဘီးနစ်တယ် ကြားရင် စိတ်ပျက်အားလျော့မနေဘဲ ဒါကို ဘယ်လိုဖြေရှင်းမလဲ၊ ငါတို့ ဘယ်လိုဆက်သွားကြမလဲ စသဖြင့် တွေးတာမျိုးကို ဆိုလိုတာပါ။
🔳 ဘဝဆိုတာ ထင်မှတ်မထားတဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒါတွေကို ဘယ်လိုစိတ်နေစိတ်ထားမျိုးနဲ့ ရင်ဆိုင်ကျော်ဖြတ်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ Productivity, Performance, Progress ဒါတွေ ကွာခြားသွားခဲ့တာ ဖြစ်ပါတယ်။
Learn with PT
12 Aug 2023