13/06/2026
Huawei ၏ HarmonyOS 7 ကို တရားဝင်မိတ်ဆက်
=========
တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၎င်းတို့ရဲ့ Developer Conference မှာ Huawei ဟာ HarmonyOS 7 ကို တရားဝင် ချပြလိုက်ပြီ ဖြစ်ပါတယ်။ ဒီစနစ်သစ်မှာ Apple ဆီကနေ စိတ်ကူးစိတ်သန်း ရယူထားတဲ့ Liquid Glass ပုံစံ UI ပါဝင်လာမယ့်အပြင်၊ လက်ရှိ ၂၀၂၆ ခုနှစ်ရဲ့ ခေတ်ရေစီးကြောင်းအရ ရှောင်လွှဲလို့မရတဲ့ AI နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှု အများအပြားကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။
HarmonyOS 7 ကို Huawei ရဲ့ စမတ်ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ၊ ဝတ်ဆင်ရသည့် နည်းပညာပစ္စည်းများ (Wearables) နှင့် IoT စက်ပစ္စည်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်သစ်ဟာ မည်သည့်နောက်ခံမြင်ကွင်းကိုမဆို 3D effect အဖြစ် ပြောင်းလဲပေးနိုင်ပြီး မျက်နှာပြင်ပေါ်မှာ ဖော်ပြပေးနိုင်စွမ်း ရှိပါတယ်။ ဒါကိုတော့ ဖုန်းရဲ့ Lock screen ပေါ်မှာ အထင်ရှားဆုံး မြင်တွေ့ရမှာပါ။
စနစ်ရဲ့ အခြေခံ UI အစိတ်အပိုင်းတွေဖြစ်တဲ့ အသံ/အလင်းအမှောင်ချိန်တဲ့ Sliders တွေနဲ့ ခလုတ် (Buttons) တွေဟာ ပိုမိုဖန်သားဆန်တဲ့ (Glassy) ပုံစံ ဖြစ်လာပြီး၊ ၎င်းတို့ရဲ့ Assistant ထဲမှာတော့ “Agentic AI” စနစ်ကို တိုက်ရိုက်ထည့်သွင်းပေးထားပါတယ်။ လက်ရှိမှာ ဒီ Assistant ဟာ App တွေအတွင်း ပိုမိုများပြားတဲ့ အမိန့်ပေးစေခိုင်းမှုတွေကို ပံ့ပိုးပေးနိုင်ပြီး သာမန် AI assistant တွေထက် သုံးစွဲသူရဲ့ တောင်းဆိုချက်တွေကို ပိုမိုပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် AI သုံး ဓာတ်ပုံပြင်ဆင်ခြင်း (AI photo editing) လုပ်ဆောင်ချက်အသစ်တွေလည်း ပါဝင်လာဦးမှာပါ။ Huawei ရဲ့ အဆိုအရ ၎င်းတို့ရဲ့ HarmonyOS Intelligent Agent Framework 2.0 အသစ်ဟာ “Intent as a service” စနစ်နဲ့အတူ ထွက်ရှိလာတာဖြစ်ပြီး၊ လုပ်ဆောင်ချက်တွေကို အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်စွမ်းနှုန်း (Task ex*****on rate) “၉၀% ကျော်” အထိ ရှိတယ်လို့ ကြွားဝါထားပါတယ်။ (ဒါဟာ နည်းနည်းတော့ နည်းနေသလို ထင်ရပေမဲ့ “Agentic AI” လောကမှာတော့ အထင်ကြီးစရာ ပမာဏတစ်ခု ဖြစ်နိုင်ပါတယ်။)
HarmonyOS 7 ဟာ ယခင် HarmonyOS 6.1 နဲ့ နှိုင်းယှဉ်ရင် စွမ်းဆောင်ရည်ပိုင်း ၁၅% အထိ ပိုမိုတိုးတက်လာ မှာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုပုံစံမျိုးနဲ့ တိုင်းတာထားတယ်ဆိုတာ တိတိကျကျ မသိရသေးပေမဲ့ အထူးသဖြင့် App တွေ ဖွင့်လှစ်ချိန်နဲ့ ဂိမ်းကစားချိန်တွေမှာ ပိုမိုမြန်ဆန် ချောမွေ့လာမယ်လို့ ယူဆရပါတယ်။
HarmonyOS 7 ရဲ့ Developer Beta ဗားရှင်းကို အကျုံးဝင်တဲ့ စမတ်ဖုန်းတွေအတွက် ဒီနေ့ကစပြီး စမ်းသပ်အသုံးပြုနိုင်တော့မှာဖြစ်ပြီး၊ တရားဝင် အပြီးသတ် Update ကတော့ လာမယ့် ဆောင်းဦးရာသီ (Fall) မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် Huawei ရဲ့ သတင်းကြေညာချက်နဲ့ OS ထုတ်လုပ်ပေးမယ့် အချိန်ဇယားပုံစံဟာ Apple ရဲ့ လမ်းစဉ်အတိုင်း အကြီးအကျယ် စိတ်ကူးပုံဖော်ထားတာ ဖြစ်ပုံရပါတယ်။