18/07/2023
မျှော်လင့်ချက်မရှိတဲ့နိုင်ငံမှာ ဘာမှမထွန်းကားပါ။
မျှော်လင့်ချက်ကင်းမဲ့တဲ့နေရာမှာ မြက်တောင်ကောင်းကောင်းမပေါက်ပါ။
Richard Myo Thant
18-Jul-2023
ထိုင်းနိုင်ငံရှိဘုရားတစ်ဆူက လမ်းဘေးအိမ်သာပါ။ ထိုင်းနိုင်ငံမှာ အိမ်သာအတော်များများဟာ သန့်ရှင်းတာကို တွေ့ရပါတယ်။
အထူးသဖြင့် ရှော့ပင်းမောတွေကအိမ်သာတွေဟာ စင်ကာပူကအိမ်သာတွေလောက်ကို သန့်ရှင်းပါတယ်။
အဝေးပြေးယာဉ်ရပ်နားစခန်းက အိမ်သာတွေလည်း မဆိုးပါ။
မြန်မာနိုင်ငံရှိအိမ်သာတွေနဲ့ အဓိကဘာကွာသွားလဲဆိုရင် နီညိုရောင်ကွမ်းတံတွေးအစွန်းတွေမရှိတာ၊ အန်ချင်စရာကွမ်းတံတွေးဟောင်းအနံ့တွေ မနံတာကွာသွားပါတယ်။
အိမ်သာတွေသန့်ရှင်းတယ်ဆိုတဲ့အချက်ဟာ ❝ ထိုင်းနိုင်ငံရှိအခြေခံလူတန်းစားက သူတို့နိုင်ငံအပေါ်မှာ ဘယ်လိုတန်ဖိုးထားသလဲ ❞ ဆိုတာကို ပြသနေပါတယ်။
သဘောက ကွမ်းစားခွင့်က ကိုယ်ပိုင်အခွင့်အရေး၊ ထိုင်းတွေလည်းကွမ်းစားတာပဲ။ ဒါပေမဲ့ လက်လွတ်စပယ်တာဝန်မဲ့စွာ ကွမ်းတံတွေးထွေးပြီး ကျန်တဲ့လူတွေကို ဒုက္ခပေးတာမျိုးမလုပ်ကြပါဘူး။
လမ်းဘေးမှာလည်း ကွမ်းတံတွေးထွေးထားတာ တွေ့ခဲပါတယ်။
အဓိကက စိတ်ဓာတ်ကွာပါတယ်။ "ဘယ်သူ့မှ s ဂရုစိုက်စရာမလိုဘူး၊ ထွီ" ... ဆိုပြီး တံတွေးကောက်ထွေးလိုက်တဲ့ လက်လွတ်စပယ်ပြောဆိုတဲ့စကားမျိုး၊ အပြုအမူမျိုးကို ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ မတွေ့ရပါ။
သူတို့နိုင်ငံသားတွေဟာ ကျန်တဲ့နိုင်ငံတွေအပေါ်အဆိုးမြင်ချင်မြင်မယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံပျက်စီးအောင် လက်လွတ်စပယ်မလုပ်ကြပါ။
အစိုးရက ဘယ်လောက်ပဲထိန်းထိန်း၊ အခြေခံလက်လုပ်လက်စားတွေက နိုင်ငံအပေါ်ယုံကြည်ချက်ရှိတာ၊ နိုင်ငံအပေါ်ရိုသေလေးစားမှုရှိခြင်းဟာ နိုင်ငံတိုးတက်ဖို့အတွက် အခြေခံကျပါတယ်။
ထိုင်းက ရှော့ပင်းမောအချို့ကအိမ်သာတွေဟာ မလေးရှားကအိမ်သာတွေထက်တောင် သန့်ပါတယ်။
အဝေးပြေးယာဉ်ရပ်နားစခန်းကအိမ်သာတွေမှာ ဘေစင်တွေဟောင်းနေတာ စတာတွေတွေ့ခဲ့ပေမယ့် ကွမ်းတံတွေးနဲ့ညစ်ပတ်နေအောင်ထွေးထားတာမျိုးတော့ မတွေ့ခဲ့ရသလောက်ပါပဲ။
ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံကို ခေတ္တသွားရင်း ထိုင်းနဲ့အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကွာဟချက်ကို လက်တွေ့ တွေ့ခဲ့ရပါတယ်။
ထိုင်းရဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍစတာတွေဟာ အရမ်းကိုတိုးတက်သွားပါပြီ။
သို့သော် ဖုန်းကြိုးတွေရှုပ်ခတ်နေတာ၊ ဘန်ကောက်မှာ ယာဉ်ပိတ်ဆို့မှုရှိနေတာ၊ လမ်းတွေက မြန်မာပြည်ရန်ကုန်နဲ့တူနေတာတွေ ရှိနေပါသေးတယ်။
ဒါပေမဲ့ ထိုင်းဟာ အရှေ့တောက်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်ပြီး ဒီ့ထက်တိုးတက်ဖို့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီးပြီဆိုတာကို တွေ့ရပါတယ်။
ထိုင်းနောက်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က ထိုင်းကိုကျော်တက်ဖို့ အရှိန်ပြင်းပြင်းနဲ့ ကပ်လိုက်နေပါတယ်။ ဒါကိုလည်း ထိုင်းတွေကသိပါတယ်။
ပြောစရာတွေက အများကြီးပါ။ မနက်ခင်းတစ်ဖြတ်ပြောလိုက်တာပါ။ တွေ့ခဲ့တဲ့ ကဏ္ဍတွေအကြောင်း ကြုံသလိုဆက်ပြောကြတာပေါ့။
အဓိကပြောချင်တာက အခြေခံလူတန်းစားက နိုင်ငံကိုချစ်တဲ့စိတ်ဝင်လာအောင် ❝ နိုင်ငံကမျှော်လင့်ချက်ရှိတဲ့နိုင်ငံ ❞ ဖြစ်ဖို့ အရင်လိုပါတယ်။
ထိုင်းတွေရဲ့သူတို့နိုင်ငံအပေါ်မှာရှိနေတဲ့ အနာဂတ်မျှော်လင့်ချက်နဲ့ ကျနော်တို့ ခေတ်အဆက်ဆက်မှာ ကိုယ့်နိုင်ငံအပေါ်မြင်ခဲ့ကြရတဲ့ မျှော်လင့်ချက်မတူပါ။
မျှော်လင့်ချက်မရှိတဲ့နိုင်ငံမှာ ဘာမှမထွန်းကားပါ။
မျှော်လင့်ချက်ကင်းမဲ့တဲ့နေရာမှာ မြက်တောင်ကောင်းကောင်းမပေါက်ပါ။
Richard Myo Thant
18-Jul-2023