22/06/2022
ဒန်တိုသစ်ခွစိုက်ပျိုးနည်း💚💚💚
အလွယ်ကူဆုံး
dendrobium သစ်ခွစိုက်ပျိုးနည်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ပန်းပင်အမျိုးအစားအများကြီးထဲကမှ
သစ်ခွပန်းကထူးခြားတဲ့
အမျိုးအစားထဲမှာပါပါတယ် ... ဝါသနာရှင်တွေရွေးချယ်သင့်တဲ့
အပင်မျိုးလဲဖြစ်ပါတယ် ...
အကြောင်းကတော့ (မျိုးအတော်များများက) သူတို့က ပွင့်တဲ့အခါ အချိန်အကြာကြီးခံတယ် ၊ မျိုးကွဲရွေးချယ်စရာအများကြီးရှိတယ် ၊ အရောင်မျိုးစုံနဲ့ ပုံစံမျိုးစုံကြောင့် အခြားပန်းတွေထက်ဆွဲဆောင်မှု့ရှိတယ် ...
စိတ်ဝင်စားဖို့အကောင်းဆုံးက တခြားအပင်တွေပြုစုပေးပုံနဲ့မတူတာပဲ ... သူတို့တွေသန်ဖို့ ပွင့်ဖို့က ကိုယ့်ပေါ်မူတည်လို့ challenging လဲဖြစ်တယ် ...
အပင်စိုက်ဝါသနာပါသူ အတော်များများကလဲ သစ်ခွမကြိုက်သူ ခပ်ရှားရှားပါပဲ အဲ့ဒီထဲက စိုက်ရခက်လို့ မပွင့်လို့ သေကုန်လို့ဆိုပြီး လက်လျှော့လိုက်ရသူတွေလဲရှိပါတယ် ..
ဒီပို့စ်ကတော့ ဝါသနာပါလျက်နဲ့ လက်လျှော့လိုက်ရသူတွေ .. ကြိုးစားစိုက်နေပေမယ့် စိတ်တိုင်းမကျသူတွေအတွက်ရည်ရွယ်ပါတယ် ...
Beginners တွေအတွက်ရည်ရွယ်တဲ့အတွက် dendrobium စိုက်နည်းကိုရွေးပြောပါမယ် ...
အပွင့်မြိုင်ပြီး ပွင့်ချိန်လဲစိတ်တဲ့အပြင် စျေးလဲသင့်တင့်တာကြောင့် beginners တွေအတွက်အသင့်တော်ဆုံးတစ်မျိုးပါ ...
လွန်ခဲ့တဲ့ဆယ်နှစ်ကျော် dendrobium တွေ
စစိုက်ခဲ့တုန်းက အဖူးတစ်ခိုင်ထွက်ရင် အရမ်းပျော်တာ ...
အဲ့လို တစ်ခိုင်လောက်ထွက်ဖို့လဲ မနည်းလုပ်ခဲ့ရတာ ... ဘာတွေလုပ်နေမှန်းမသိ ပြုတော့ပြုစုနေတာပဲ ..
အပင်တွေက မပွင့်ရုံတင်မကဘူး မသေရုံတမယ် ခြောက်ကပ်ပြီး အားနည်းလာတာ ...
စိုက်လိုက်သေလိုက်နဲ့ စိတ်တွေလဲအတော်ပျက်ဖူးတယ် ....
ကျွန်တော့်လို ဘဝတူတွေလဲရှိမှာပါ ...
အခုနောက်ပိုင်း သင်းကြားပေးတဲ့သူတွေရဲ့
အကူအညီနဲ့ရော စာတွေ့ လက်တွေ့လေ့လာမှူ့ကြောင့်တော့ dendrobium ကို အတန်အသင့်အဆင်ပြေအောင်စိုက်နိုင်ခဲ့ပါတယ် ...
ဒါကြောင့် သစ်ခွတွေစိုက်ရခက်တယ်ဆိုပီး စိတ်မပျက်ပါနဲ့...
အခုနည်းနဲ့ကြိုးစားကြည့်ပါ ... အပျော်တမ်း အိုးအနည်းငယ်ကနေ စီးပွားဖြစ် အမြောက်အများစိုက်ဖို့
ရည်ရွယ်သူတွေပါ ဒီနည်းကိုအသုံးပြုနိုင်ပါတယ်
နေရာရွေးချယ်နည်း
****************
သစ်ခွစိုက်တော့မယ်ဆို အရေးအကြီးဆုံးက နေရာရွေးချယ်ဖို့ပါ ဘယ်လိုပဲပြုစုပုံမှန်မှန် နေရာကိုမကြိုက်ရင် အဆင်မပြေပါဘူး .. ဒီလိုပဲ နေရာသာကြိုက်ရင် ဘာမှမပြုစုပဲ ရေပဲလောင်းရင်တောင် အပွင့်အနည်းငယ်ပွင့်နိုင်ပါတယ် ...
နေရာရွေးချယ်တဲ့အခါလိုအပ်တဲ့အခက်တွေကတော့
🔆 နေရောင်ခြည် - dendro တွေကနေရောင်ခြည်အရမ်းကြိုက်ပါတယ် ..
အနည်းဆုံး နေ့တစ်ဝက် နေရောင်ခြည်ရသင့်ပါတယ် ... နေရောင်ကောင်းကောင်းရပြီး အေးစိမ့်တဲ့ပတ်ဝန်းကျင်ကိုအကြိုက်ဆုံးပါ ...
နေရောင်ကိုရွေးချယ်ရာမှာ မနက်ကနေ နေ့လည်အထိနေကအကောင်းဆုံးဖြစ်ပြီး ညနေနေကပြင်းလွန်းတာကြောင့် အရွက်တွေအလွယ်တကူ နေလောင်နိုင်ပါတယ် .. ဒါကြောင့် မနက်နေရနိုင်တဲ့ နေရာ ကိုအဓိကရွေးပါ
🎏 လေ - သစ်ခွအတွက် လေဝင်လေထွက်ကလဲ အရေးကြီးပါတယ် ...
အထူးသဖြင့် dendro တွေက လေတိုက်တာကိုကြိုက်ကြပါတယ် အထပ်မြင့်တွေမှာ (လေပိုတိုက်လို့) ပိုပွင့်တယ်လို့လဲပြောကြပါတယ် ...
လေဝင်လေထွက်က သစ်ခွစိုက်ထားတဲ့နေရာရဲ့အပူချိန်ကိုလဲလျော့ကျစေနိုင်ပါတယ် ... ဒါကြောင့် လေဝင်လေထွက်ရတဲ့နေရာကိုရွေးချယ်ဖို့လဲလိုအပ်ပါတယ် ... မနက်နေကောင်းကောင်းရတဲ့ ဝရံဒါဆို အသင့်တော်ဆုံးပါ
🚿 ရေ - သစ်ခွက ရေငတ်တာလဲမကြိုက်တာကြောင့် သစ်ခွခြံထားမယ့်နေရာက ရေအလွယ်တကူရနိုင်မယ့်နေရာ .. သန့်ရှင်းရေးလုပ်ဖို့လွယ်ကူပြီး ရေဆင်းကောင်းမယ့်အခြေအနေမျိုးရှိသင့်ပါတယ်
ဒါဆိုရင်တော့ သစ်ခွစိုက်ဖို့နေရာကောင်းရပါပြီ
ခြံဆောက်နည်း
*************
သစ်ခွစိုက်ဖို့ အကောင်းဆုံးအခြေအနေဖြစ်အောင် ခြံကိုလဲပြုလုပ်ပေးရပါမယ် .. dendro တွေက ပလပ်စတစ်အိုးမှာ ကြေးနန်းကြိုးချိတ်တပ်ပြီးစိုက်ကြတာဖြစ်တဲ့အတွက် အပင်ချိတ်ဖို့ တန်းတွေဆင်ပေးရင်ရပါပြီ
အပျော်တမ်းစိုက်
(ဝရံတာ) အပျော်တမ်းစိုက်တဲ့သူအများစုကတော့ ဝရံတာကိုရွေးချယ်ကြမှာပါ
(အချို့လဲခြံဝင်းမြေကွက်လပ်မှာစိုက်ကြပါတယ်)..
ဝရံတာရဲ့အနေအထားအရ အမိုးရှိပြီး မနက်နေရရင် သစ်ခွချိတ်ဖို့ တန်းလေးတွေပြုလုပ်ပြီးစိုက်ရုံပါပဲ ...
အမိုးမရှိပဲ မနက်နေရရင် ဇာအစိမ်းစ အပါး (နေရောင်ရရှိမှု့) ၇၀% ကိုမိုးပေးရပါမယ်
အမိုးရှိပြီး ညနေနေရရင်တော့ နေထိုးတဲ့ဖက်ကို ၅၀% အစိမ်းစကာပေးပြီး
အမိုးမရှိပဲ ညနေနေရရင်တေ့ အမိုးအတွက် ၇၀% ဇာအစိမ်းစနဲ့ နေစောင်းတဲ့ဖက်ကို ၅၀% ကာပေးရပါမယ်...
ဇာကိုစိုက်ပျိုးရေးဆက်စပ်ပစ္စည်းဆိုင်တွေမှာအလွယ်တကူဝယ်နိုင်ပါတယ်
စီးပွားဖြစ်အများအပြားစိုက် -
စီးပွားဖြစ်စိုက်လိုသူတွေကတော့ နေရာအကျယ်နဲ့ နေအပြည့်အဝရနိုင်တဲ့ ကွင်းပြင်လိုအပ်ပါတယ် ... အရိပ်မိုးနေတဲ့အပင်တွေရှိရင် အကိုင်းအခက်တွေရှင်းလင်းဖို့လိုပါမယ် ...
အမိုးနဲ့အပင်နဲ့က အနည်းဆုံး သုံးပေလောက်ကွာသင့်ပါတယ် ...
အဆင်ပြေတဲ့ပုံစံနဲ့ သစ်ခွတန်းတွေကိုဆင်ပြီး သစ်ခွစိုက်ဧရိယာအကျယ် အများဆုံးငါးပေအကွာတိုင်း ကြားထဲမှာ ၃ပေအကျယ် လူသွားလမ်းထားရှိဖို့လိုပါမယ်
ဒါမှဆေးဖြန်း ပြုစုဖိုလွ့ယ်ပါမယ်
ခြံအမိုးကိုတော့ ၇၀% ဇာအစိမ်းစနဲ့ကာပြီး ညနေနေထိုးတဲ့ဖက်ကိုတော့ ၇၀% သို့ ၅၀% ကြိုက်တာနဲ့ကာပေးဖို့လိုပါတယ် (မနက်နေထိုးတဲ့ဖက်ကိုကာစရာမလိုပါ)
ဒါဆိုရင်တော့ သစ်ခွစိုက်ဖို့အဆင်သင့်ဖြစ်ပါပြီ
ရွေးချယ်ဝယ်ယူနည်း
******************
စိုက်တော့မယ်ဆို အပင်ကောင်းကိုရွေးချယ်ဝယ်ယူတတ်ဖို့လိုပါမယ် .. ဒီအချက်တွေကိုကြည့်ရွေးပါ
အမြစ် - ပုတ်တာ ဆွေးတာမရှိပဲ လတ်ဆတ်တာ သန်တာကိုရွေးပါ
အရွက် - ကျောက်စိမ်းရင့်ရောင်ရှိပြီး .. ညိုးတာ ပုတ်တာ အဝါ အဖြူ အညိုကွက်တွေ မပါတဲ့ အရွက်မျိုးရွေးပါ
အပင် - dendro တွေက အပင်အဆစ်အတော်များများကထွက်တာမို့ အပင်အုံကောင်းတာရွေးပါ ... ပင်စည်ညိုနေတာ အနည်းငယ် ဝါဝါကြည်ကြည် ဖြစ်နေတာတွေ့ရင် လက်နဲ့ဖိကြည့်ပြီး ပျော့နေရင်မယူပါနဲ့
အပင်သားတက် - အစွန်ဆုံးပင်စည်တွေရဲ့အောက်ခြေကိုကြည့်ပြီး သားတက်(အပင်သစ်) ထွက်မယ့် ပက်စည်များတာကိုရွေးချယ်ပါ ...
ဒါဆိုရင်တော့ အပင်ကောင်းတာကိုရွေးချယ်လို့အဆင်ပြေပါပြီ အပွင့်ကတော့ ကြိုက်တာကိုသာရွေးချယ်ပါ ... ဝယ်တဲ့အချိန်မှာ အပွင့်ခိုင်များတာ အပွင့်များတာကိုအဓိကမထားပဲ အပင်ကိုသာအဓိကထားရွေးပါ ...
ဒါဆိုရင်တော့ စိတ်ချရတဲ့အပင်ကောင်းကိုရပါပြီ
#အပင်ရေလောင်နည်း
*****************
Dendro တွေကိုရေလောင်းတဲ့အခါမှာ အရိုးရှင်းဆုံးနည်းက ခြောက်မှလောင်းပါ .. နေအေးမှရေလောင်းပါ ... မနက်ပိုင်းလောင်းတာအကောင်းဆုံးဖြစ်ပြီး နေ့လည်ရေလောင်းတာရှောင်ကျင်ပါ ..
Dendro တွေကို အုံးဆံခွံနဲ့စိုက်ကြတာများတဲ့အတွက် ရေလောင်းတဲ့အခါ ရေကိုစုပ်ထားပါတယ် ...
#ရေများရင်ပုတ်ပါမယ်
ရေငတ်ရင် အမြစ်မသန်အပင်မသန်ဖြစ်ပြီးတဖြေးဖြေးသေပါမယ် ...
ဒါကြောင့်ကိုယ့်ရာသီဥတု
အခြေအနေကိုမူတည်ပြီး အုံးဆံခွံအနည်းငယ်ခြောက်မှသာ
ရေလောင်းပါ ..
ပုံမှန်အားဖြင့်တော့ ..
နွေရာသီ - တစ်နေ့တစ်ကြိမ်
မိုးရာသီ - အမိုးမရှိလျှင်လုံးဝမလောင်း၊ အမိုးရှိလျှင် တစ်/နှစ်ရက်ခြားတစ်ကြိမ်
ဆောင်းရာသီ - တစ်/နှစ်ရက်ခြားတစ်ကြိမ်
ဒါကတော့ dendro ကိုပုံမှန်ရေလောင်းနည်းပါ
#ဆေးကျွေးနည်း
*************
ဒါကတော့ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်ရှုပ်စရာဆိုလဲမှန်ပါမယ် .. :-) သေချာဖတ်ရင်တော့လွယ်ကူပါတယ်
💊 ဆေးအမျိုးအစား - ပုံမှန်အားဖြင့် dendro ကို အမြစ်ဆေးနဲ့ ဘက်စုံအားဆေးနှစ်မျိုးသာကျွေးဖို့လိုပါတယ်
အမြစ်ဆေးကတော့
B1, fari-start , root top စတဲ့တံဆိပ်တွေတဲ့လာတဲ့ B1 အားဆေးရည်ပါ
ဘက်စုံအားဆေးအနေနဲ့က
၂၁ ပတ်လည်လို့ခေါ်တဲ့
(NPK ratio N21 P21 K21) ဆေးမှုန့်ကိုသုံးရပါမယ်
ဆေးဗူးမှာ 21-21-21 လို့ရေးထားပါလိမ့်မယ် ...
သာမန်ဆိုင်တွေကတော့ ၁၂ပတ်လည် (12-12-12) နဲ့ ၁၃ပတ်လည် (13-13-13) တို့ကိုညွှန်းလေ့ရှိပါတယ် ...
သူတို့က slow fertilizer လို့ခေါ်တဲ့ အားဆေးအပျော့တွေဖြစ်ပါတယ် ဆေးလုံးအသေးလေးတွေကို
အိုးထဲထဲ့ထားရတာပါ ...
သူတို့ကပျော့တော့အပင်ကို
မထိခိုက်နိုင်လိုအလွယ်ညွှန်းလေ့
ရှိကြတာပါ ...
အိုးထဲထည့်ထားရုံပဲဆိုတော့ အလုပ်ရှုပ်လဲက်သသာတယ်ပေါ့ ... အချိန်မပေးနိုင်သူတွေက သုံးချင်ရင်သုံးနိုင်ပါတယ် ... ပန်းမြိုင်မြိုင်ပွင့်လိုတဲ့သူတွေကတော့
ဒီဆေးနဲ့အဆင်မပြေနိုင်ပါဘူး
slow fertilizer ဖြစ်တဲ့အတွက် ထိရောက်မှု့နည်းပါမယ်
💊 #ဆေးဖြန်းနည်း - ဆေးဖြန်းတဲ့ဆေးဗူးလိုပါမယ် အပင်အရေအတွက်ပေါ်မူတည်ပြီးသင့်တော်တဲ့ဗူးအရွယ်အစားကိုဝယ်ယူပါ ... ဆေးဖြန်းနည်းက အင်မတန်လွယ်ကူပါတယ် ..
#ရေတစ်ဂါလံမှာ
B1 ဆေးရည် ဗူးတစ်ဖုံး နဲ့ 21ပတ်လည်
ဆေးမှုန့်ဟင်းခတ်ဇွန်းတစ်ဇွန်း
အချိုးအစားနဲ့ ထဲ့ဖျော်ပြီး အရွက်
အပင် အမြစ် အားလုံးထိအောင် တစ်ပါတ်တစ်ကြိမ်
မနက် ၁၀နာရီမထိုးခင်ဖြန်းပေးရုံပါပဲ ..
၁၀ နာရီနောက်ပိုင်းဖြန်းရင်တော့ အကျိုးသက်ရောက်မှု့အားနည်းပါမယ် ... ဆေးဖြန်းတဲ့ရက်တိကျရင်ပိုကောင်းပါတယ် ...
#ရောဂါကာကွယ်ခြင်း
*****************
သစ်ခွတွေကရောဂါဒဏ်သိပ်မခံနိုင်ကြပါဘူး ဒါကြောင့် ရောဂါကာကွယ်ပေးဖို့လဲလိုပါမယ် ...
သူတို့အကြောက်ဆုံးက မှိုရောဂါပါ .. ဒါကြောင့် မှိုဆေးဖြန်းပေးဖို့လိုပါတယ်
💊 ဆေးအမျိုးအစား -
မှိုဆေး ၊ captan သို့ dithane လို့ပြောဝယ်လို့ရပါတယ် ... အခြားမှိုးဆေးတွေလဲရှိပါတယ် မတူတဲ့မှိုဆေးကိုမကြာခဏပြောင်းလဲ
အသုံးပြုပေးတာကလဲပိုထိရောက်တယ်လို့ဆိုပါတယ်
💊 ဆေးလောင်းနည်း -
ရေတစ်ဂါလံကို မှိုဆေး ထမင်းစားဇွန်းတစ်ဇွန်း အချိုးအစားနဲ့
တစ်ပါတ်တစ်ကြိမ်ညနေလေးနာရီနောက်ပိုင်း
အပင် အရွက် အမြစ် အကုန်ကို
ဖြန်းပေးရပါမယ်
အပေါ်မှာပြောခဲ့တဲ့အချက်တွေကို
လေ့လာပြီး လုပ်ကြည့်မယ်ဆို အဆင်ပြေကျေနပ်ရလောက်တဲ့ ရလဒ်ကိုရလာမှာပါ ... စာဖတ်ရင်ရှုပ်သလိုထင်ရပေမယ့် နှစ်ပါတ်လောက် လက်တွေ့လုပ်ကြည့်လိုက်ပါ ဘာမှမခက်တာတွေ့ရမှာပါ ...
ပြောခဲ့တဲ့ ပစ္စည်းနဲ့ဆေးတွေကိုလည်း
စိုက်ပျိုးရေးအရောင်းဆိုင်တွေမှာ
အလွယ်တကူရနိုင်ပါတယ် ...
🎄🎄🎄
ဒီအတိုင်းပုံမှန်သာပြုစုသွားမယ်ဆို
အပင်၃၀ လောက်ရှိရုံနဲ့ ဘယ်တော့မှ
အပွင့်မပြတ်တဲ့ တစ်ပိုင်တစ်နိုင်
သစ်ခွခြံလေးတစ်ခုအလွယ်တစ်ကူဖန်တီးနိုင်မှာပါ ...
အပင်စိုက်ရင်းပျော်ရွှင်ကြပါစေ
Credit ... Original uploader&
Photo