pathein views

pathein views ပုသိမ်သူ/သားများ ပိုမိုကောင်းမွန်တဲ့စီးပွားရေးအခွင့်အလမ်းများအတွက်အထောက်အပံ့...

26/04/2023

ပုသိမ်တတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

ပုသိမ်တက္ကသိုလ် ဆောင်ပုဒ် .. "ဝိဇ္ဇာသိပ္ပံပြည့်သူထံ"
တည်ထောင် .. ၇-၇-၁၉၅၈
ပါမောက္ခချုပ်.. ဒေါက်တာသန်းထွန်း
တည်နေရာ .. ပုသိမ်မြို့, ဧရာဝတီတိုင်းဒေသကြီး
မြန်မာနိုင်ငံ ဝဘ်ဆိုဒ် .. patheinuniversity.edu.mm

သမိုင်းအကျဉ်း
ပုသိမ်တက္ကသိုလ်သည် ရ.ယ.က(၃)၊ ကန်သုံးဆင့်ရပ်ကွက်တွင် တည်ရှိသည်။ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပုသိမ်ဥပစာကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်ကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပုသိမ်ဒီဂရီကောလိပ် အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပုသိမ်တက္ကသိုလ် အဖြစ်လည်းကောင်း အဆင့်ဆင့်တိုးမြှင့်လာခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။

ပုသိမ်တက္ကသိုလ်သည် ရန်ကုန်-ပုသိမ် လမ်းမကြီးဘက်မှလာလျှင် အရုပ်ကြီးအဝိုင်းကို ပတ်၍ အနော်ရထားလမ်းမကြီးအတိုင်း (တာလမ်းမကြီးလမ်း)အတိုင်း လာရောက်နိုင်ပြီး၊ ချောင်းသာ၊ ငွေဆောင်လမ်း (တောင်ပေါ်လမ်း)မှလဲ ဝင်ရောက်နိုင်သည်။ ဧရိယာဧက (၃၀၅.၃၉)နှင့် မကျီးဒေသ၊ ရွှေသောင်ယံ၊ အဏ္ဏဝါသိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစခန်း (၂၅.၇၆)ဧက အပါအဝင် စုစုပေါင်း (၃၃၁.၁၅)ဧက ကျယ်ဝန်းသည်။ လိပ်စာမှာ - အမှတ်(၃)ရပ်ကွက်၊ ကန်သုံးဆင့်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။ ၁၁၀၁၄ဖြစ်ပြီး ဖုန်းနံပါတ်များမှာ +၉၅၉၅၀၀၅၃၀၈, +၉၅၉၄၄၂၀၅၈၇၃၃ တို့ဖြစ်ကြသည်။

ပုသိမ်တက္ကသိုလ်တွင် သင်ကြားသော ဘာသာရပ်သင်တန်းများ

နေ့သင်တန်း (ကျောင်းသား၊ ကျောင်းသူများ) အတွက်
ဝိဇ္ဇာဘာသာရပ် သိပ္ပံဘာသာရပ်
၁။ မြန်မာစာ ၁။ ဓာတုဗေဒ
၂။ အင်္ဂလိပ်စာ ၂။ ရူပဗေဒ
၃။ ပထဝီဝင် ၃။ သင်္ချာ
၄။ သမိုင်း ၄။ သတ္တဗေဒ
၅။ ဒဿနိကဗေဒ ၅။ ရုက္ခဗေဒ
၆။ စိတ်ပညာ ၆။ ဘူမိဗေဒ
၇။ အရှေ့တိုင်းပညာ ၇။ အဏ္ဏဝါသိပ္ပံ
၈။ ဥပဒေပညာ ၈။ ဇီဝဓာတုဗေဒ
၉။ အဏုဇီဝဗေဒ
အဝေးသင် သင်တန်း (ကျောင်းသား၊ ကျောင်းသူများ) အတွက်
ဝိဇ္ဇာဘာသာရပ် သိပ္ပံဘာသာရပ်
၁။ မြန်မာစာ ၁။ ဓာတုဗေဒ
၂။ အင်္ဂလိပ်စာ ၂။ ရူပဗေဒ
၃။ ပထဝီဝင် ၃။ သင်္ချာ
၄။ သမိုင်း ၄။ သတ္တဗေဒ
၅။ ဒဿနိကဗေဒ ၅။ ရုက္ခဗေဒ
၆။ စိတ်ပညာ ၆။ အဏုဇီဝဗေဒ
၇။ အရှေ့တိုင်းပညာ
၈။ ဥပဒေပညာ
ပေးအပ်သောဘွဲ့အမျိုးအစားများ
နေ့သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်

ဝိဇ္ဇာဘွဲ့
သိပ္ပံဘွဲ့
ဝိဇ္ဇာဘွဲ့ (ဂုဏ်ထူး)
သိပ္ပံဘွဲ့ (ဂုဏ်ထူး)
ဥပဒေဘွဲ့
မဟာဥပဒေဘွဲ့
မဟာဝိဇ္ဇာဘွဲ့
မဟာသိပ္ပံဘွဲ့
ပါရဂူဘွဲ့ (အဏုဇီဝဗေဒ) အထူးပြုတစ်ခုသာ

အဝေးသင် သင်တန်း (ကျောင်းသား၊ ကျောင်းသူများ)အတွက်

ဝိဇ္ဇာဘွဲ့
သိပ္ပံဘွဲ့
ဥပဒေဘွဲ့
တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ
၁။ ဦးခင်ညွန့် ကျောင်းအုပ်ကြီး ၇-၇-၁၉၅၈ ၂၈-၈-၁၉၆၂
၂။ ဒေါ်မေမေခင် ခေတ္တကျောင်းအုပ်ကြီး ၂၉-၈-၁၉၆၂ ၂၈-၇-၁၉၆၃
၃။ ဦးလှရွှေ ကျောင်းအုပ်ကြီး ၂၉-၇-၁၉၆၃ ၃၁-၅-၁၉၆၆
၄။ ဒေါက်တာဖေသောင်း ကျောင်းအုပ်ကြီး ၁-၇-၁၉၆၆ ၃၁-၁-၁၉၆၇
၅။ ဒေါက်တာမန်းသက်စံ ကျောင်းအုပ်ကြီး ၂၅-၂-၁၉၆၇ ၁၆-၃-၁၉၇၁
၆။ ဦးသက်ထွန်း ကျောင်းအုပ်ကြီး ၃-၁၀-၁၉၆၉ ၆-၃-၁၉၇၂
၇။ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ကျောင်းအုပ်ကြီး ၁၅-၇-၁၉၇၅ ၁၂-၉-၁၉၇၇
၈။ ဦးကိုကိုလေး ကျောင်းအုပ်ကြီး ၁-၆-၁၉၇၈ ၃၁-၁၂-၁၉၈၀
၉။ ဦးတင်ဦးလှိုင် ကျောင်းအုပ်ကြီး ၅-၁-၁၉၈၁ ၁၄-၅-၁၉၈၈
၁၀။ ဦးကျော်မြသိန်း ကျောင်းအုပ်ကြီး ၁-၇-၁၉၈၈ ၁၁-၁-၁၉၈၉
၁၁။ ဒေါက်တာမောင်ကျော် ကျောင်းအုပ်ကြီး ၁၂-၁-၁၉၈၉ ၃-၄-၁၉၉၄
၁၂။ ဒေါက်တာစိုးရင် ကျောင်းအုပ်ကြီး ၂၂-၆-၁၉၉၄ ၂၁-၆-၁၉၉၆
၁၃။ ဦးဝင်းမောင် ကျောင်းအုပ်ကြီး ၂၉-၇-၁၉၉၆ ၃၀-၉-၁၉၉၈
၁၄။ ဦးချို ပါမောက္ခချုပ် ၂၂-၁၀-၁၉၉၈ ၅-၂-၂၀၀၆
၁၅။ ဦးလှတင့် တာဝန်ခံ ပါမောက္ခချုပ် ၆-၂-၂၀၀၆ ၂၀-၁-၂၀၁၀
၁၆။ ဒေါက်တာညွန့်ဖေ ပါမောက္ခချုပ် ၂၁-၁-၂၀၁၀ ၂၃-၁၀-၂၀၁၇
၁၇။ ဒေါက်တာစီစီလှဘူး ပါမောက္ခချုပ် ၂၄-၁၀-၂၀၁၇

ပုသိမ်ဟာလဝါမိခင်ကြီးဒေါ်စောရင် (ပုသိမ်ဟာလဝါ ဖြစ်တည်လာမှုသမိုင်း)...........................................................
25/04/2023

ပုသိမ်ဟာလဝါမိခင်ကြီးဒေါ်စောရင်
(ပုသိမ်ဟာလဝါ ဖြစ်တည်လာမှုသမိုင်း)..............................................................
ဆောင်းပါးရှင်..မြို့မဦးကောဝိဒ

ပုသိမ်နှင့်ဟာလဝါ၊ဟာလဝါနှင့်ပုသိမ်ခွဲခြား၍မရပါ။မြန်
မာနိုင်ငံတွင်ပုသိမ်ဟာလဝါမုန့်ကိုပထမဦးဆုံးတီထွင်
လုပ်ဆောင်သူမှာ ဒေါ်စောရင် ဖြစ်သည်။ဒေါ်စောရင်
သည်၁၂၆၅-ခု၊တပေါင်းလဆန်း-၂-ရက်၊အင်္ဂါနေ့တွင်
ပုသိမ်မြို့၊တလိုင်းချောင်းရပ်ကွက်၊မကျည်းပင်တန်း
လမ်းတွင် ဦးဘိုးလှိုင်၊ဒေါ်မြ တို့မှသမီးရတနာအဖြစ်
ဖွားမြင်ခဲ့သည်။ညီမဖြစ်သူမှာ ဒေါ်စောရှင်ဖြစ်သည်။

သင်္ကန်းပရိက္ခရာနှင့်ဦးဘ်ိုးလှိုင် ကုမ္ပဏီကိုပုသိမ်မြို့
တွင်မြန်မာလူမျိုးထဲမှ ဦးဘိုးလှိုင်က ဦးဆောင်တည်
ထောင်ဖွင့်လှစ်ခဲ့သည်။ထိုနည်းတူမြန်မာအမျိုးသမီး
လက်မှုပညာဟာလဝါမုန့်လုပ်ငန်းကိုသမီးဖြစ်သူဒေါ်
စောရင် ကပထမဆုံးတီထွင်ရောင်းချခဲ့သည်။နှစ်ပေါင်း(၄၀)တိုင်အောင်နာမည်ကျော်ကြားလူကြိုက်များခဲ့
သောပုသိမ်ဟာလဝါမုန့်သည်ပုသိမ်မြို့သာမကမြန်
မာနိုင်ငံ၏ဂုဏ်ကိုထာဝရဆယ်တင်နိုင်ခဲ့သည်။ပုသိမ်
စပါးနက်ဆန်ဖြင့်အမွှမ်းတင်ခဲ့သောပုသိမ်ဟာလဝါ
သည် ဇေဘာရီအိန္ဒိယ လူမျိုးများ၏မယ်စကက်နှင့်
ယှဉ်ပြိုင်ရောင်းချနိုင်ခဲ့သည်။မြန်မာပြည်၌သာမက
အိန္ဒိယ၊ဂျပန်၊အင်္ဂလန်၊အမေရိကန်တို့သို့ပို့ခဲ့သည်။
အထူးသဖြင့်အမေရိကန်များအသုံးများလှပါသည်။

ထို့ကြောင့်လည်းရန်ကုန်မြို့၊ဂျူဗလီဟောစက်မှု
လက်မှုပြိုင်ပွဲကြီးတွင်ရွှေတံဆိပ်ဆုငါးကြီမ်၊ငွေတံ
ဆိပ်ဆုနှစ်ကြိမ်နှင့်ဂုဏ်ထူးဆောင်လက်မှတ်များ
ချီးမြှင့်ခြင်းခံရသည်။မြန်မာပြည်ဘုရင်ခံကော့က
ရိမ်း၏ဇနီးလေဒီကော့ကရိမ်းကိုယ်တိုင်မြန်မာအ
မျိုးသမီး၏လက်မှုပညာစွမ်းရည်ကိုချီးကျူးဂုဏ်ပြု
၍ရွှေတံဆိမ်ချီးမြှင့်ခဲ့သည်။

မျိုးချစ်စိတ်ဓာတ်တက်ကြွစေရာ၌ဒေါ်စောရင်၏ပု
သိမ်ဟာလဝါသည်လည်းအုတ်တချပ်သဲတပွင့်ပမာ
ပါဝင်လျက်ရှိပုံကိုသတိပြုမိသည်။

မြန်မာပြည်ထွက်ပုသိမ်(ပေါ်ဆန်းမွှေး၊ငကျွဲဆန်)၊
မန္တလေးငါန်းဇွန်ထောပတ်၊ဇေယျဝတီသကြား၊ရှမ်းပြည်
နယ်မှဘိန်းစေ့၊မြိတ် ထားဝယ် အုန်းသီးစသည်တို့ဖြင့်
နိုင်ငံခြားပစ္စည်းမပါ၊မြန်မာပြည်တွင်းဖြစ် မုန့်ကို လုပ်
ဆောင်ခဲ့သည်။ကုလားမယ်စကက်မုန့်တပိဿာ
(၂ိ/၅၀ါး)ဖြင့်ရောင်းစဉ်ကပုသိမ်ဟာလဝါကိုတပိဿာ
(၁ိ/၅၀ါး)ဖြင့် ယှဉ်ပြိုင်ရောင်းချ၍အောင်ပွဲဆင်နိုင်ခဲ့
သည်။

ဒေါ်စောရင်သည်ဦးမောင်မောင်ခင်(မြန်မာ့အလင်းသ
တင်းစာအယ်ဒီတာဟောင်း)နှင့်လက်ထပ်ခဲ့သည်။သား
လေးယောက်၊သမီးတစ်ယောက်ထွန်းကားခဲ့သည်။ယခု
အခါသားအထွေးဆုံး မောင်ခင်မောင်ထွန်းတစ်ယောက်
သာလျှင်ကျန်တော့သည်။မောင်ခင်မောင်ထွန်းသည်ဤ
စာရေးသူဖြစ်၍သာသနာ့ဘောင်သို့ဝင်ရောက်ပြီးယခုအ
ခါပုသိမ်မြို့၊မြို့မဓမ္မာ့ရိပ်သာကျောင်းတွင်ဧရာဝတီတိုင်း
သံဃာ့ဆေးရုံအကျိုးတော်ဆောင်ဆရာတော်အဖြစ်ဖြင့်
သာသနာပြုလျက်ရှိသည်။

ယခုအခါပုသိမ်မြို့တွင်ထင်ရှားလျက်ရှိသော ရသာမွန်၊
ရွှေစင်၊ရွှေမြင်းပျံ၊မြမြညွန်၊မနှင်းဆီစသည့်ဟာလဝါတို့ကို
စားရသည့်အခါတိုင်း ဒေါ်စောရင်၏ပုသိမ်ဝါလဝါကိုလွန်
စွာမှပင်သတီရမိပါတော့သည်။

ဤမုန့်လုပ်ငန်းသည်စေတနာအရင်းတည်ရသောလုပ်
ငန်းတရပ်ဖြစ်သည်။မုန့်ကိုရေကုန်အောင်ထိုး(ထိုးသား
ကျလျှင်)ကြာရှည်ခံ၍စားရသည်မှာလည်းစေးပိုင်၍အ
ရသာရှိလှသည်။မိမိကိုယ်ကျိုးငဲ့၍အလေးချိန်ပိုမိုစေရန်
(ရေကျန်ထား၍)ထိုးပါကအရသာမှာလည်းဖွယ်တယ်
တယ်ဖြစ်ပြီး၊ရေမကုန်သဖြင့်တစ်ပတ်အတွင်းမှိုတက်
ကာမုန့်အချဉ်ပေါက်သွားတတ်ပါသည်။ထို့ကြောင့်ပုသိမ်ဟာလဝါမုန့်သည်စေတနာအရင်းခံထားရသော(ကိုယ်
ကျိုးလျှော့တွက်ရသည့်အများအကျိုးပြုမုန့်)ဟုဆိုပါက
မှားအံ့မထင်ပေ။

ပုသိမ်ဟာလဝါမိခင်ကြီးဒေါစောရင်သည်မိမိမုန့်လုပ်
ငန်းဖြင့်ရရှိထားသောဓမ္မိယလဒ္ဓပစ္စည်းများကိုသားပဉ္ဇင်း၏စီမံလမ်းညွှန်မှုဖြင့်တောင်ပေါ်မြေပြန့်မကျန်ဘုရား
တည်၊ကျောင်းဆောက်၊ကုသိုလ်ပြုခဲ့သည်။ထို့ပြင်ရန်
ကုန်မြို့၊ရှစ်မိုင်တေဇစက္ကီဝိပဿနာကမ္မဋ္ဌာန်းတိုက်တွင်ယောဂီအဖြစ်တရားအားထုတ်လျက်အသက်(၈၀)နှစ်(သက္ကရာဇ်-၁၃၄၅ခုနှစ်)တွင်ပုသိမ်မြို့၌ကွယ်လွန်ရှာ
ပေသည်။ဒေါ်စောရင်ကွယ်လွန်ပြီးဖြစ်သော်လည်းသူ
တည်ထွင်ခဲ့သောပုသိမ်ဟာလဝါမုန့်သည်ပုသိမ်မြို့၏
ဂုဏ်ရောင်ကိုထွန်းပြောင်စေလျက်ရှိပေသည်။ ။

မြို့မ-ဦးကောဝိဒ

ပြောပါရစေ..ကျွန်တော်သည်ဖေ့ဘုတ်စာမျက်နှာမှ
တဆင့်ပုသိမ်အကြောင်းလေးများကို"ပုသိမ်အလွမ်း"
အမည်ဖြင့်ကဗျာများရေး၍တင်ပြခဲ့ပါသည်။ပုသိမ်မြို့
၏ကမ္ဘာကျော်မုန့်တမျိုးဖြစ်သည့်ပုသိမ်ဟာလဝါအ
ကြောင်းရေးရန်အတွက်အချက်အလက်များစုရင်းမြို့
မဆရာတော်၏မြတ်မင်္ဂလာမဂ္ဂဇင်းပါဆောင်းပါးအား
သတိရမိသည်နှင့်ဆရာတော်ထံပုသိမ်ဟာလဝါ၏မိ
ခင်ကြီးဒေါစောရင်အကြောင်းမေးမြန်းရင်းရောက်ခဲ့
ရာဆရာတော်မှသူရေးသားခဲ့သောဆောင်းပါးအား
စာရေးသူကိုပေးရင်းအမျိုးသမီးစွန့်ဦးတည်ထွင်သူ
အကြောင်းကဗျာတပုဒ်ကိုမဂ္ဂဇင်းတွင်အသုံးပြုရန်
အတွက်စာမူအဖြစ်ရေးပေးရန်မိန့်မှာခဲ့ပါသည်။

သို့ပါ၍စာထောင့်လေးကြိုးကဗျာတပုဒ်ရေး၍စာမူ
အဖြစ်မပို့ခင်မပျောက်ပျက်ရန်ပို့စ်အဖြစ်ယာယီတင်
ခဲ့ပါသည်။ထိုကဗျာစာမူကိုမဂ္ဂဇင်းတွင်သုံးသည်ဖြစ်စေမသုံးသည်ဖြစ်စေထိုမဂ္ဂဇင်းထွက်ရှိချိန်အထိပြန်
ဖျက်ထားပါမည်။နောင်အလျဉ်းသင့်သောအခါမှအ
ထက်ပါကဗျာကိုပြန်လည်ဖော်ပြပါမည်ဖြစ်ကြောင်း
တောင်းပန်အသိပေးအပ်ပါသည်။

ထိုကဗျာအစားဆရာတော်၏မူရင်းဆောင်းပါးကိုအ
စားထိုး၍လဲလှယ်ဖော်ပြအပ်ပါသည်ခင်ဗျား..။ ။

ချမ်းသာကိုယ်စိတ်မြဲကြပါစေ..

အောင်မင်း(မြန်မာစာ)
Credit ❤

ပုသိမ်ထီီးလုပ်ငန်းသည် မြန်မာ့ယဉ်‌ကျေးမှု လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီးကို အောက်မြန်မာပြည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်...
23/04/2023

ပုသိမ်ထီီးလုပ်ငန်းသည် မြန်မာ့ယဉ်‌ကျေးမှု လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီးကို အောက်မြန်မာပြည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်လုပ်ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။
ပုသိမ်ထီး
လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူသည် သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ ပညာရှင်ဖြစ်သည်။ ထိုအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသော ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိသည်။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။
၁၈၈၅ ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကို စုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝ ခန့်ကွာဝေးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးရွှေစာသည် စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။ နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။
ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော ၎င်းပုသိမ်ထီးပင် ဖြစ်သည်။ နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျှို့ဝှက်ချက်များကို သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။ လက်ရှိအချိန်တွင် ဦးစော၏သားဖြစ်သူ ကိုမင်းနိုင်မှ အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။

ပုသိမ်ထီးတစ်လက်လုပ်မည်ဆိုသော် ထီးရိုး၊ထီးခရိုင်၊ထီးရွက်တို့ရှိရသည်။ ပုသိမ်ထီးတပ်ဆင်ထုတ်လုပ်ရာတွင် အဆင့်ပေါင်း(၅၆) ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာလေ့ရှိသည်။ ထုတ်လုပ်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းနှစ်ခုမှာ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့်အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်။ ဝါးများကို ရွေးချယ်ရာမှာတွင်လည်း မိုးရာသီ၌ ခုတ်ထားသောဝါးများကို အသုံးပြုခြင်းဖြင့် အကောင်းဆုံးအခြေအနေကို ရရှိနိုင်သည်။ အသုံးပြုမည့် သစ်များကိုလည်း သဘာဝအတိုင်း နှစ်လခန့် ရေစိမ်ထားကာ အရောင်ချွတ်ရသည်။ ထိုနှစ်ဆင့်စလုံးသည် သစ်၊ဝါးများမှာရှိသော ပိုးမွှားများကို ဖယ်ရှားနိုင်ရန်အတွက် ဖြစ်သည်။
ထီးလုပ်ရာတွင် အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသောထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။
တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း ကွဲပြားသည်။ မန္တလေးဘက်သို့ပို့မည့် ပုသိမ်ထီးများကို အရောင် ၂ ရောင် သို့မဟုတ် ၃ ရောင်၊ ပန်းပုံလေးများ၊ လိပ်ပြာပုံများ စသည်ဖြင့် ဒီဇိုင်းရေးဆွဲသည်။ တော်ဝင်နန်းတွင်းတွင်သုံးသည့် အရောင်ဒီဇိုင်းပုံစံဖြစ်သည်။ ပုဂံဘက်သို့ပို့မည့် ထီးများအတွက် ရှေးဆန်သည့် အရောင်မှိုင်းမှိုင်းများကို ရေးခြယ်သည်။ ထိုဒီဇိုင်းမှာ ရေပန်းအစားဆုံးဒီဇိုင်းလည်း ဖြစ်သည်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တို့မှာ ပုဂံဘုရား နံရံဆေးရေးပန်းချီများတွင် တွေ့ရလေ့ရှိသော အရောင်အတွဲအစပ်များ ဖြစ်သည်။
အဝတ်ပိတ်စ သုံးသောထီးများကို ဘုန်းတော်ကြီးသုံးထီးအဖြစ် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိကအသုံးပြုကြသည်။ မြန်မာပြည်သို့လာရောက် လည်ပတ်ကြသောနိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

Credit..

မွန်တို့၏ မဂဒူးမင်းဆက် ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ...
22/04/2023

မွန်တို့၏ မဂဒူးမင်းဆက် ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်သက္ကရာဇ် (အေဒီ) ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ ပုသိမ်အား "ကုသိမရဋ္ဌ" ဟုခေါ်တွင်ခဲ့သည် ဟုသိရသည်။ "ကုသိမရဋ္ဌ" ကို မွန်လို အတိုကျုံ့ "ကုသိမ်" ဟုခေါ်ကြရာမှ ကာလရှည်လျားသောအခါ ပုသိမ် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်

ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်းရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အသောကမင်း လက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စာနဂရ ဟုခေါ်တွင်ခဲ့သည်။ ပုဂံခေတ် မင်းယဉ်နရသိင်္ခလက်ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လောကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုဟ်ကျ သဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။

ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး ကောဇာသက္ကရာဇ် (မြန်မာသက္ကရာဇ်) ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တဖြစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လက်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ ခရစ်နှစ် ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အားအင်္ဂလိပ် အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည် ဟုခန့်မှန်း ကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။

ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရပ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဟုလည်းဆိုသည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာပြည်ရောက်ပသီကုလားလူမျိုးတို့၏မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်ဟုဆိုသည်။

သို့သော် ဗြိတိသျှဘာသာဗေဒပညာရှင် ပါမောက္ခ Harry Leonard Shorto ၁၉၆၂ ခုနှစ်တွင်ရေးသားသော အောက်စ်ဖိုဒ် တက္ကသိုလ်ထုတ် သုတေသနစာတမ်းအရ ပုသိမ် ဟူသောဝေါဟာရမှာ မွန် ဝေါဟာရ "ဖာသီ ([pha sɛm])" က ဆင်းသက်ပြီး ပုသိမ် ပြောင်းလဲလာကြောင်း ဆိုသည်။

အင်းဝ၌ မင်းကြီးစွာစော်ကဲ၊ ဟံသာ၀တီပဲခူး၌ ရာဇာဓိရာဇ်တို့ စိုးစံသည့်ခေတ်မှစ၍ အလောင်းဘုရားလက်ထက်တိုင်အောင် နှစ်ပေါင်းရာပေါင်းများစွာ ပုသိမ်နယ်တစ်ဝိုက်သည် မွန်နှင့်မြန်မာတို့ အားပြိုင်ကြရာ ဒေသဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယ၌ ခြေကုပ်ရပြီးသောအခါ၊ မြန်မာနိုင်ငံ၌လည်း ခြေကုပ်ရရန် ကြိုးစားကြသည်။

ခရစ်နှစ် ၁၆၈၇ တွင် ဗြိတိသျှတို့သည် ဟိုင်းကြီးကျွန်းတွင် အခြေခံစခန်းပြုပြီးနောက် ပုသိမ်မြို့တွင်လည်း အရှေ့အိန္ဒိယကုမ္ပဏီ ဌာနခွဲတစ်ခုဖွင့်သည်။
ပုသိမ်မြို့ (ခရစ်နှစ် ၁၈၇၈)
ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အလောင်းမင်းတရား လက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အခွင့်အရေးများ ပြန်လည်ရုပ်သိမ်း ခံခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန်မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှ အင်ပါယာ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။

21/04/2023

ပုသိမ်သူ/သားများ
ပိုမိုကောင်းမွန်လာတဲ့ စီးပွားရေးအခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်အောင် အထောက်အပံ့တစ်ခု အဖြစ်
ရည်ရွယ်ပါသည် ။

Address

Pathein

Telephone

+959259354462

Website

Alerts

Be the first to know and let us send you an email when pathein views posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to pathein views:

Share