Gabyar

Gabyar ယနေ့အတွက် ကဗျာ

“စာတန်းမထိုးသော ရုပ်ရှင်များ”တစ်ဝက်တစ်ပြတ်မက်တဲ့ အိပ်မက်ထဲကဓားနဲ့ငါ့ရဲ့တစ်နေ့တာ ကိုခုတ်မိလိုက်တော့နေ့တွေအလယ်ကနေ သွေးစိမ်...
08/07/2026

“စာတန်းမထိုးသော ရုပ်ရှင်များ”

တစ်ဝက်တစ်ပြတ်မက်တဲ့ အိပ်မက်ထဲကဓားနဲ့
ငါ့ရဲ့တစ်နေ့တာ ကိုခုတ်မိလိုက်တော့
နေ့တွေအလယ်ကနေ သွေးစိမ်းရှင်ရှင်
ထွက်လာတယ် သူငိုတယ် ပြီးတော့
ငါငိုတယ် အကြောင်းအရင်း တစ်ခုခု
ရှိပုံရတယ်။

တစ်စတစ်စ နဲ့တီးခေါက်ကြည့်မိတော့
ရွာနေတဲ့မိုးဟာ ကြယ်တွေအဖြစ်ပြောင်းသွားတယ်
ငါ့ခန္ဓာကိုယ်အနှံ့မှာ ကြယ်တွေစီးကျကုန်တယ်
အိပ်ယာဝင်တေးတွေငြီးဆိုရင်း
အထီးကျန်နေတဲ့ အိပ်ယာဝင်ပုံပြင်တွေမှာ
မျက်ရည်တွေနဲ့။

ချဲ့ကားပြီးကြည့်လိုက်ယုံနဲ့
သုံးဖက်မြင်လောကရဲ့ အဓိပ္ပာယ်မဲ့မှုကို
မင်းရင်ဆိုင်ရလိမ့်မယ် ကော်ဖီခွက်ထဲ
သကြားထည့်ဖျော်တတ်တဲ့ ဝိရောဓိမှာ
မင်းရဲ့ရှင်သန်မှု မိုင်နှုန်းဟာ
ကြားညှပ်သွားလိမ့်မယ်။

တစ်ခါတစ်ရံ ရောဂါဘယရန်တွေကြောင့်
တစ်ခါတစ်ရံ သဘာဝကပ်ဆိုးတွေကြောင့်
တစ်ခါတစ်ရံ ဘေးဒုက္ခတွေကြောင့်
တစ်ခါတစ်ရံ လူသားချင်းစားသုံးမှုတွေကြောင့်
လက်ပတ်နာရီထဲက စက္ကန့်တံ တွေမှာ
ကမ္ဘာမြေတစ်ခုလုံးရဲ့ဝန်ထုပ်ကို ချိတ်ဆွဲပြီး
ဆက်၍ဆက်၍ လည်ပတ်နေလိမ့်ဦးမယ်။

ဂယက်ထခဲ့တဲ့ ပြောင်းလဲမှုတွေရဲ့
နှလုံးခုန်သံ အပါအဝင် ငါတို့ပေါက်ခဲ့တဲ့
ဗလာမပါကံစမ်းမဲတွေကိုမှိုစွဲစေတဲ့ဘဝရဲ့ကပ်ပါး
အပူချိန်နဲ့စိုထိုင်းစတွေမှာ အသက်ရှည်တယ်
ငါခဏခဏရောက်ဖြစ်တဲ့ အိပ်မက်ထဲကနေရာ
ငါမသွားဖြစ်တော့တဲ့ လက်တွေ့ဆီက နေရာ
ဘာများကွာခြားသွားမလဲ။

တန်ဖိုးတွေရောင်းဝယ်နေကြတယ်
ပစ္စည်းအစားထိုး အစားအသောက်ကုန်စည်တွေနဲ့
ပန်းရောင်းသူတွေ ဘာများကွဲပြားမလဲ
မသိခြင်းများနှင်းအတူ ဆက်၍လျှောက်ခဲ့ရပါသည်
ရောင်းသူဝယ်သူတွေရဲ့မျက်နှာတွေဟာ ဗလာတွေ။

အတွေးထက် လက်နှစ်ဆစ်ပိုနှက်တဲ့
ချောက်ထဲရဲရဲကြီးခုန်ချခဲ့ကြတယ်
ပြန်ခုန်တက်စရာ ဘာစောက်ကြောင်းမှမရှိ
နေမဝင်မီ တောင်စွယ်အရောက်ပို့ရမယ့်
အရိုးစုတွေ မနည်းမနော
စာမမှီနိုင်တဲ့မျက်ရည်တွေရဲ့ သောကမြစ်
သေချာမသိခင်မှာတင်ပဲ ဒီရုပ်ရှင်ပြီးခဲ့တယ်။

ပီလွန်း

21/04/2026

“ငြိမ်သက်”

အသံတစ်ချို့ကြားတယ် ဒါပေမယ့်
ပတ်ဝန်းကျင်ဟာ ငြိမ်သက်နေတယ်
လေပြေရဲ့ရှိုက်သံလား
ဝင်လာပါ ဒီစက်ဆုပ်စရာပဟေဠိတွေနဲ့အတူ
ပူလောင်မှုတွေကို သယ်ဆောင်သွားပေးပါ။

ထူးထူးဆန်းဆန်းပဲ
ငါ့ရဲ့ဆုတောင်းတွေဟာလည်း
ငြိမ်သက်နေပြန်တယ် ဒီတိတ်ဆိတ်မှုကြီးကို
ငါဘယ်လိုသတ္တိနဲ့ အံတုရမလဲ
အိပ်စက်ခြင်းဟာ မနိုးသောအရပ်ဆီမှာ
ပြစ်မှုမြောက်နေပြန်တယ်။

တစ် နှစ် သုံး လေး……..
ငါရေတွက်ကြည့်တယ် စက္ကန့်တွေ
အမြစ်တွယ်လာတယ် အသက်ဝင်လာတယ်
အရပ်မျက်နှာတွေ ငါဘယ်လိုသတ်မှတ်ရင်
ကောင်းမလဲ ရိုးရိုးရှင်းရှင်းလေးပါဘဲ
သူလာဖို့ အရေး ငါစောင့်ရပြန်ဦးမယ်တဲ့။

တစ်ခုခုဟာ အော်ဟစ်နေခဲ့တယ်
ငြီးငြူနေခဲ့တယ် အလိုမကျမှုတွေနဲ့
အသံပေါင်းစုံဟာ ဆူလို့ညံလို့
မေးခွန်းမရှိ အဖြေမရှိ
ယုတ္တိဗေဒနဲ့ ရှင်သန်မှုတွေဘဲရှိတယ်
သက်ရှိတွေဟာ အကြွင်းအကျန်တွေကို
မြိန်ရည်ရှက်ရည်စားသုံးလို့
တိတ်ဆိတ်ငြိမ်သက်နေကြပြန်တယ်။

တစ်ကြိမ်တစ်ခါ ထိမိရုံနဲ့ ဒီဝေဒနာဟာ
ငါ့လက်ချောင်းတွေကနေတစ်ဆင့်
ငါ့လက်တစ်ဖက် ငါ့ရင်ဘတ်
ငါ့ခန္တာရဲ့မွှေးညှင်းပေါက်တွေပါမကျန်
ကူးစက်ပျံ့နှံ့ကုန်တယ် ငါဘယ်လိုတားရမလဲ
အခန်းထဲမှာလည်း ငါ့ကမ္ဘာဟာငြိမ်သက်လို့။

ပီလွန်း

“မီးပွိုင့်”လေးဆယ့်ခုနှစ်စက္ကန့်တိတိကြာတယ် အပြာရောင်ကောင်းကင်လားအနက်ရောင် ရပ်ဝန်းလားမသဲကွဲဘူးတစ်ခုခုကိုငါစောင့်နေခဲ့တယ်။...
30/03/2026

“မီးပွိုင့်”

လေးဆယ့်ခုနှစ်စက္ကန့်တိတိကြာတယ်
အပြာရောင်ကောင်းကင်လား
အနက်ရောင် ရပ်ဝန်းလားမသဲကွဲဘူး
တစ်ခုခုကိုငါစောင့်နေခဲ့တယ်။

အချိန်လားနေရာလားတည်ရှိမှုလား
ပျောက်နေခဲ့တာတော့သေချာတယ်
စက္ကန့်တွေတစ်စိတ်ချင်းရွှေ့လျားနေတယ်
ငါလည်းအမြင်တွေဝေဝါးလို့။

ခွက်တစ်လုံးကိုင်ထားတဲ့ကလေးငယ်
ပန်းကုံးတွေနဲ့ကလေးငယ် မျက်ဝန်းတွေမှာ
အရောင်တွေလက်နေတယ် ငါ့မျက်လုံးထဲမှာတော့
အရောင်တွေမှိန်နေမှာပေါ့
ငါဘာကိုစောင့်နေခဲ့သလဲ။

ဒီနေရာမှာ ငါအကြိမ်ကြိမ်စောင့်ခဲ့ဖူးတယ်
အကြိမ်တိုင်းနီးပါးလွဲခဲ့ဖူးတယ်
သူစိမ်းတွေအကြောင်း ဆာလောင်မှုတွေအကြောင်း
ငါစူးစမ်းခဲ့ဖူးတယ် စက်ဆုပ်စရာကောင်းလွန်းတယ်
အရသာမဲ့လွန်းတယ်။

တစ်ကြိမ်ထက်မက လူတိုင်းဟာ
စောင့်နေကြတုန်းဘဲ အဓိပ္ပာယ်မဲ့တဲ့
ရုပ်ဝါဒီ အတ္တတွေနဲ့
ငါလည်း သူစိမ်းတစ်ယောက်ဘဲမလား
ငါမျှော်နေတဲ့ ဂေါ့ဒိုးဟာ ဘယ်မှာတဲ့လဲ။

ငါမသိဘူး ငါပြန်ကြည့်လိုက်တော့
အနီရောင် ဂဏန်းဟာ
တဖြေးဖြေးနောက်ဆုတ်နေတယ်
အချိန်ဟာ ရှေ့ဆက်တိုးခြင်းလား
နောက်ပြန်ရစ်ခြင်းလား ငါ့ကမ္ဘာထဲမှာတော့
ကာလသုံးခုလုံးတစ်လှည့်စီရာသီပြောင်းနေတယ်
ငါဘာကိုစောင့်နေခဲ့သလဲ။

မျှော်လင့်ခြင်းလား အဲ့လောကမှာရော
တစ်ဖန်မွေးဖွားမယ့်မျှော်လင့်ခြင်းတွေရော
ရှိနေဦးမလား ငါသေချာမသိဘူး
ဗလာတွေ အာ…… ဟုတ်တယ်ဗလာတွေ
ငါသိတာ လေးဆယ့်ခုနှစ်စက္ကန့်တိတိ
ကြာခဲ့တယ် ကြာနေတယ် ကြာလိမ့်ဦးမယ်။

ပီလွန်း

“ရာစု”ပစ်ပယ်ခံ လိပ်ပြာဟာညှိုးနွမ်းစွာအတောင်တွေတဖျတ်ဖျတ်ခတ်ခဲ့တယ်။မသေချာတဲ့မြဲခြင်းတွေမှာအနိုင်နိုင်ရုန်းကန်ခဲ့လေသလား သိပ...
22/02/2026

“ရာစု”

ပစ်ပယ်ခံ လိပ်ပြာဟာ
ညှိုးနွမ်းစွာအတောင်တွေ
တဖျတ်ဖျတ်ခတ်ခဲ့တယ်။

မသေချာတဲ့မြဲခြင်းတွေမှာ
အနိုင်နိုင်ရုန်းကန်ခဲ့လေသလား
သိပ်မကြာတဲ့ ပစ္စုပ္ပန်မှာ
သစ်ရွက်ခြောက်လေးအဖြစ်
ငါ့ရဲ့ခြေထောက်နားမှာခိုနားကြွေကျခဲ့တယ်။

တောင်ပံခတ်သံတွေဟာ
လေပြေတွေအဖြစ်တခုတ်တရ
အမြင်အာရုံမှာစွဲကျန်ခဲ့တယ်။

ငါသတိပြန်ဝင်မိတော့ မှတ်ဥာဏ်တွေမှာ
ရာစုနှစ်တွေဝေးခဲ့ရပြီတဲ့။

ပီလွန်း

10/02/2026

“ခေတ်ရယ်သံ”

လေပြေဟာ ရက်ရက်စက်စက်ပဲ
ငါတို့အပေါ်မုန်တိုင်းထန်ခဲ့တယ်
ရင်ကိုခွဲ ဆားနဲ့မသိပ်ပဲ
သဲတွေကိုပစ်ပြီးထည့်ခဲ့ကြတယ်
ငါတို့နှလုံးထဲကနေကျခဲ့တဲ့သွေးစက်တွေဟာ
ပန်းတွေပွင့်ခဲ့ကြတယ်။

ဒီနှစ်တွေထဲမှာငါဟာ အမှောင်ထုကိုရဲရဲကြည့်
အသံမကျယ်ရဲတဲ့တောက်တွေခေါက်ပြီး
စီးကရက်တွေကို မီးမသတ်ဖြစ်ခဲ့ဘူး
ဒီမြေတွေမှာသွေးတွေစွန်းခဲ့တယ်
ဒီမြေတွေမှာတရားတွေပျက်ခဲ့တယ်
ဒီမြေတွေကို ငါတို့ ချစ်ခဲ့ကြတယ်။

အမှောင်ထဲလျှောက်ရတဲ့လမ်းတွေမှာ
ခေတ်ဆိုတဲ့ကောင်က ငါတို့ကို
အရေးမပါသလို ပျက်ရယ်ပြုခဲ့တယ်
ကန်ကျောက်ထိုးနှက်တယ်
ဂရုမစိုက် မှန်တယ်ထင်တဲ့အရပ်တွေဆီကို
ရင်ကိုကော့ အသက်ဝဝရှုပြီး
ဆက်လျှောက်ခဲ့ကြတယ်
ငါတို့ဟာခေတ်နဲ့စနစ်ကို မကြောက်တတ်တဲ့
ပါပီလွန်လိုဟဲမင်းဝေးလို။

စည်းတွေ၊ဘောင်တွေ၊သတ်မှတ်ချက်တွေ
စနစ်တကျယုတ်မာတတ်ကြတဲ့လူတွေက
စနစ်မကျတဲ့အမှန်တရားတွေကို
ပုန်ကန်သူအမည်တပ်
ခေတ်အဆက်ဆက်ချိုးနှိမ်ထားကြတယ်
အသားကျသူတွေနဲ့မကျသူတွေရဲ့
စစ်ပွဲတွေအစပေါ့။

ကြိုက်ရာသာလုပ် မမှီတဲ့ရထားတွေနောက်
ပြေးလိုက်သူတွေနဲ့ ကြွေခဲ့တဲ့အသက်တွေ
ခေတ်ရဲ့အသက်ရှုသံတွေနဲ့ ဆုံးဖြတ်ကြသူတွေ
မှန်တယ်ထင်ရာလုပ်ကြသူတွေ
ကမ္ဘာရေ မင်းလည်း
ဆေးလိပ်သောက်တတ်ဖို့လိုနေပြီ။

ပီလွန်း

“Nihilism”အဆုံးအစမရှိတဲ့မှောင်ထုကြီးထဲမှာကခုန်နေခြင်းမျိုးလား အလင်းဟာဘယ်ကမ္ဘာမှာ တည်ခဲ့သလဲဖြတ်သန်းစီးဆင်းခဲ့တဲ့ အတွေးလှိ...
22/01/2026

“Nihilism”

အဆုံးအစမရှိတဲ့မှောင်ထုကြီးထဲမှာ
ကခုန်နေခြင်းမျိုးလား အလင်းဟာ
ဘယ်ကမ္ဘာမှာ တည်ခဲ့သလဲ
ဖြတ်သန်းစီးဆင်းခဲ့တဲ့ အတွေးလှိုင်းတွေဟာ
မတည်ရှိမှုဆိုင်ရာ ဝါဒတွေကို
တော်လှန်နေလေကြလေရဲ့
ငါတို့ဟာ ပုန်ကန်သူတွေဖြစ်ခဲ့ရပေါ့။

အိပ်စက်နေကြတဲ့လူတွေ မနိုးခြင်းကို
တက်မက်နေကြတဲ့ လူတွေကြားထဲ
အိမ်မက်တွေဆီကနေ ဝေးရာကိုပြေးထွက်ခဲ့တယ်
ကမ်းပါးစွန်းတစ်ခုအပေါ်မှာ လေပြေကို
ရှုရှိက်မိနေလေရဲ့ ငါဟာ
ထပ်တူကျသွားခြင်းများလား။

ကြောက်ရွံမှုဟာ လွပ်လပ်ခြင်းနဲ့အတူ
ငြိမ်းချမ်းခဲ့ရပေါ့ ပုန်ကန်သူ အချင်းချင်း
နှုတ်ဆက်ခဲ့ရပေါ့ မတွေ့ချင်မှအဆုံး
သက်ရှိတွေဟာ ဗလာနယ်တွေထဲ
အဓိပ္ပာယ်မဲ့မှုကြီးကို ကြောက်ရွံ့နေကြတယ်တဲ့။

သတ်မှတ်ချင်သလိုသာ သတ်မှတ်
အရာရာဟာ အဓိပ္ပာယ်ဘဲ
ဦးတည်ချက်မရှိပြေးလွှားနေကြတဲ့
စိတ်တွေအတွက် အဖြေဟာ လှပခြင်းလား
အဆုံးသတ်ခြင်းလား စိတ်ကြိုက်ဆုံးဖြတ်နိုင်တဲ့
လွပ်လပ်မှုရှိနေရုံနဲ့ ရဲရင့်မှုဟာ
အထိုက်လျှောက် ကပ်ပါခဲ့ခြင်းတွေပေါ့။

မနက်တွေဟာ အရသာ
ညတွေဟာ အရသာ
နေရာတွေဟာ အရသာ
အချိန်တွေဟာအရသာ
အမှောင်ထုဟာ အရသာ
ရှင်သန်ခြင်းဟာ အရသာ။

ပီလွန်း

“ဒြပ်မဲ့”ပင့်သက်တစ်ရှိုက်မှာ လေပြေဟာလွင့်မျောခြင်း ကမ်းပါးပေါ် ခဏတာခိုနားမိခဲ့တယ်တစ်သက်စာအတွက် ဒုက္ခပင်လယ်မှာငေးမောရင်း ...
06/12/2025

“ဒြပ်မဲ့”

ပင့်သက်တစ်ရှိုက်မှာ လေပြေဟာ
လွင့်မျောခြင်း ကမ်းပါးပေါ် ခဏတာခိုနားမိခဲ့တယ်
တစ်သက်စာအတွက် ဒုက္ခပင်လယ်မှာ
ငေးမောရင်း ကူးခပ်ရင်း
ပြေးလွှားရင်း။

ရုန်းထွက်မရတဲ့ ဝေဝါးမှုတိုင်းမှာ
ခံစားမိခဲ့တဲ့ သစ်ရွက်ဟောင်းတွေဟာလည်း
ပြုံးရင်းရယ်ရင်း ပျော်ပျော်ကြီး
ကြွေခဲ့ကျတယ် အပြာရောင်
ကောင်းကင်မှာလည်း အေးခဲမှုတွေဘဲ
ငါရှာတွေ့ခဲ့တယ်။

ဝေးကွာမှုတွေအတွက် ကြားခံတွေများလာတဲ့အခါ
နေစရာပျောက်ခဲ့ရတဲ့ မေတ္တာတရားတွေအတွက်
အားနာဖို့အစကိုရှာမရခဲ့ပြန်ဘူး
ဒါမှမဟုတ် တွေဝေမိနေခဲ့ခြင်းတွေများလား။

မျှော်လင့်မိပါရဲ့ ဘုရားသခင်
ဒုက္ခတွေနဲ့နေသားကျလာတဲ့အခါ
သာမန်တွေကြားမှာ ရှင်သန်ရင်း
ပျောက်ဆုံးရင်း ရှာဖွေရင်း
ညတွေဟာ မှောင်ခဲ့ရ
မနက်တိုင်းဟာ လင်းခဲ့ရပေါ့။

ပီလွန်း

“ဖက်ကြမ်း နဲ့ လက်ဖက်ရည်”ရူးသွတ်မှုဟာ အရသာနှစ်ခုအဖြစ်အရာရာမှာ အဆုံးသတ်တယ်အေးစက်စက်အရသာတွေမှာခါးသက်သက်စီးဆင်းမှုတွေမှာဘယ်လ...
20/10/2025

“ဖက်ကြမ်း နဲ့ လက်ဖက်ရည်”

ရူးသွတ်မှုဟာ အရသာနှစ်ခုအဖြစ်
အရာရာမှာ အဆုံးသတ်တယ်
အေးစက်စက်အရသာတွေမှာ
ခါးသက်သက်စီးဆင်းမှုတွေမှာ
ဘယ်လိုအဓိပ္ပာယ်များရှိနေမလဲ။

မိုးစက်တွေပြိုကျတော့ ရေအိုင်ငယ်ဟာ
လှိုင်းတွေထန်ခဲ့တယ် ပြေးလွားခဲ့တဲ့
ကဗျာတွေဟာ အဆုံးသတ်မရှိတဲ့
လမ်းတွေပေါ်မှာ မောပန်းခဲ့ရပေါ့။

အမည်မသိတဲ့ ခံစားမှုတွေအတွက်
စကားလုံးတွေ ပျောက်ရှခဲ့တဲ့အခါ
ဘာသာစကား မဲ့ခဲ့တဲ့ ပညာတတ်တွေပေါ့
ဆုံးရှုံးမှုကြီးမားခဲ့ကြတယ်။

မတူညီတဲ့အရသာနှစ်ခု ပေါင်းစပ်ခဲ့တဲ့အခါ
ခံစားမှုအရာရာဟာ ပင့်သက်တစ်ရှိုက်မှာတင်
မွေးဖွားခဲ့ကြတယ် လှပခြင်းများလား
ပူဆွေးခြင်းများလား၊ပျော်ရွှင်ခြင်းများလား
ဒါမှမဟုတ် ပြယ်လွင့်ခဲ့ခြင်းတွေများလား။

ပီလွန်း

“သံသရာနံပါတ် (____)”ရုန်းမထွက်နိုင်ခဲ့တဲ့ သတ်မှတ်ထားခြင်းတွေထဲမှာရောင်စုံပန်းခင်းတွေဆီ ခရီးနှင်နေခဲ့တဲ့ စိတ်တွေမောပန်းခဲ...
30/09/2025

“သံသရာနံပါတ် (____)”

ရုန်းမထွက်နိုင်ခဲ့တဲ့ သတ်မှတ်ထားခြင်းတွေထဲမှာ
ရောင်စုံပန်းခင်းတွေဆီ ခရီးနှင်နေခဲ့တဲ့ စိတ်တွေ
မောပန်းခဲ့ရရောပေါ့ ခြောက်ကပ်ကပ်
နေ့တွေအလယ်မှာ ငါဟာ ရုန်းကန်ရင်း လှုပ်ရှားရင်း
သာမန်တွေနဲ့ အသားကျလာခဲ့တယ်။

အဖြူရောင်အင်္ကျီ အိတ်ကပ်ထဲက အတိတ်တွေဟာလည်း
တိမ်တွေရဲ့အလွန် သောကတွေရဲ့
အဆုံးသတ်ဆီခရီးထွက်သွားကြရောပေါ့
ခံစားမိတဲ့ လေပြေအေးတွေဆီမှာ
နွေးထွေးသော ပွေ့ဖက်ခြင်းများသာ
ဖမ်းဆုပ်မိမယ်ထင်ပါတယ်။

အရာရာဟာ အကောင်းအတိုင်း
အဟောင်းတွေဟာလည်း အဟောင်းအတိုင်း
ရှင်သန်ခြင်းကိုရင်ခုန်ရင်း သံသရာရဲ့
နံပါတ်စဉ်ကို မေ့လျော့ခဲ့ရင်း အတ္တတွေကို
အလှဆင်တတ်ဖို့ သင်ယူမိလာကြတယ်။

အမှားနဲ့အမှန်ဆိုတာ ဘယ်သူတွေမှာ
ဆုံးဖြတ်ပိုင်ခွင့်ရှိမလဲ မွဲခြောက်ခြောက်
ပစ္စုပ္ပန်တိုင်းကို မျက်နှာချင်းဆိုင် ကြည့်ပြီး
မေးခွန်းတွေများလာတဲ့အခါ နှုတ်ခမ်းတွေဟာ
ပြုံးတတ်လာတဲ့အခါ မျှော်လင့်ခြင်းတွေဟာ
နှောင်ဖွဲ့လာတဲ့အခါ ဘာတွေဟာ
ဘယ်လိုဆက်ဖြစ်မှာတဲ့လဲ။

စိတ်ရဲ့တစ်ထောင့်တစ်နေရာကနေ
လွတ်မြောက်ချင်းဆိုတာ ကမ်းပေးနေမယ့်
လက်တစ်စုံများလား မျှော်လင့်မိပါရဲ့
ရှုပ်ထွေးစရာတွေ များလာတဲ့အခါ
ခပ်တိုးတိုး ဂီတသံတွေကိုသာ အာရုံစိုက်မိခဲ့တယ်
လက်တွေ့မှာ အရာအားလုံးဟာ
တစ်နေရာထည်းကိုဘဲ ခရီးဆက်ကြမယ်တဲ့။

ပီလွန်း

“ဗလာ”အစွန်း နှစ်ဖက်ကြားညှပ်နေတဲ့ခံစားမှုတွေအတွက် ချရေးစရာစာမျက်နှာတွေဟာအရောင်တွေစွန်းထင်းခဲ့ရုံသက်သက်ဘဲခံစားမှုတွေမှာ ခံ...
30/08/2025

“ဗလာ”

အစွန်း နှစ်ဖက်ကြားညှပ်နေတဲ့
ခံစားမှုတွေအတွက် ချရေးစရာစာမျက်နှာတွေဟာ
အရောင်တွေစွန်းထင်းခဲ့ရုံသက်သက်ဘဲ
ခံစားမှုတွေမှာ ခံစားချက်တွေပီသနေတဲ့အခါ
ဖြစ်တည်မှုတွေအတွက် ရှေ့ဆက်စရာ
ခြေသုံးလှမ်းမျှသာ။

အဆိုးဆုံးတွေဟာ အဆုံးစွန်ထိ
သပ်ရပ်နေကြတဲ့အခါ ဘာလိုလို ဘာလိုလိုနဲ့
နှစ်တွေကြားမှာ ပျောက်သွားခဲ့တဲ့ မြူမှုန်တွေဟာ
မျှတမှုတစ်ခုခုစီမှာ သန္ဓေတည်နေကြမလား။

အသိတစ်ချို့တစ်ဝက်နဲ့ မှန်တယ်ထင်ရာလုပ်ကြတဲ့
လူသားဆန်မှု ပတ်ဝန်းကျင်မှာ တစ်ခုမဟုတ်
တစ်ခုခုဟာ လစ်ဟာနေကြတုန်းဘဲ ဘာတွေဟာ
ဗလာ တွေဖြစ်မလဲ ဗလာတွေဟာလည်း
ဘာတွေများလဲ။

ကောင်းကင်နဲ့ မြေကြီးကြား ပြယ်လွင့်သွားတဲ့
အခိုးအငွေ့တွေမှာ စကြာဝဠာ တစ်ခုစာမကတဲ့
အတွေးပေါင်းများစွာနဲ့ ဘယ်သံသရာ
ဘယ်ဘဝတွေမှာ ဘယ်လိုပုံစံ စီးမျှောမိကြဦးမလဲ
ဒါမှမဟုတ် ဗလာတွေဖြစ်သွားခဲ့ခြင်းများလား။

ပီလွန်း

Address

Madalay
Mandalay

Website

Alerts

Be the first to know and let us send you an email when Gabyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share