20/10/2020
ဘယ်အလုပ်ပဲ လုပ်လုပ် အကောင်းဆုံး လုပ်ပါ။ ကိုယ်က ဝန်ထမ်းဆိုရင်လည်း အလုပ်ရှင်က ကိုယ်ကို ပေးထားတဲ့ responsibilities ထက် သာလွန်တဲ့ အကောင်းဆုံး quality မျိုးကို ပေးပါ။ ကိုယ့်မှာ ရှိတဲ့ အရည်အချင်း အကောင်းဆုံးဆိုတာကို ပေးပါ။ ကိုယ့်ကိုယ်ကို “ငါ လုပ်တဲ့ အလုပ်တိုင်းဟာ အကောင်းဆုံး အလုပ် ဖြစ်ခဲ့ရဲ့လား” လို့ ပြန်မေးပါ။ ငါရဲ့ ပင်ကို အရည်အချင်း အစွမ်းအစတွေ အကုန်ထုတ်ပြီးပြီလား။ ကျွန်တော်တို့က လုပ်နိုင်စွမ်းတွေရဲ့99% လောက်ကို မထုတ်ဖြစ်ကြပါဘူး။ ကျွန်တော်တို့ရဲ့ အရည်အချင်း အပြည့်အဝတွေ ဘယ်တော့မှ မထုတ်ရသေးပါဘူး။ မထုတ်ရသေးတာ ဘာကြောင့်လဲ။ တကယ်လို့ ဒီလိုမျိုး မလုပ်ရသေးဘဲ အချိန်တွေ ကုန်သွားမယ်၊ ဒီအလုပ်က ထွက်လိုက်ရမယ်၊ အကြောင်းတစ်စုံတစ်ရာကြောင့် မလုပ်ဖြစ်တော့ဘူးဆိုရင် နောင်တရနေကြရမှာပါ။ အစွမ်းအစတွေ၊ အရည်အချင်းတွေ အကုန်ထုတ်ခဲ့တယ်ဆိုရင်တော့ နောင်တရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
ဥပမာ ဆယ်တန်းစာမေးပွဲကို အရည်အချင်း၊ အစွမ်းအစတွေ အကုန်မထုတ်သုံးဘဲ အောင်ခဲ့ပြီးမှ တက္ကသိုလ်ရွေးတဲ့ အခါကျတော့ အတော်လေးကို နောင်တတွေ အများကြီး ရတတ်ကြပါတယ်။ ကျွန်တော်ပြောတဲ့ မေးခွန်းလေးကို ပြန်မေးကြည့်လိုက်တိုင်း အစွမ်းအစတွေ ထုတ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့် ဒီလိုမျိုး အရည်အချင်း၊ အစွမ်းအစတွေ မထုတ်ခဲ့တာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ရှာတွေ့လာလိမ့်မယ်။ တကယ်ဆို ဒီလိုမျိုး ပေါ့ပေါ့လေး မလုပ်ခဲ့သင့်ဘူးဆိုပြီး နောင်တတွေ ထပ်ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
နောင်တစ်ချိန်မှာ နောင်တမရစေဖို့ ကိုယ့်လုပ်တဲ့ အလုပ်ကို အစွမ်းကုန် ကြိုးစားလုပ်ကိုင်ပါ။ မိမိမှာ ရှိတဲ့ အစွမ်းအစ၊ အရည်အချင်းတွေကို အစွမ်းကုန် ထုတ်ကြည့်မှသာ ကိုယ့်မှာ အစွမ်းအစ၊ အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာကို မြင်လာမှာ ဖြစ်တယ်။ ကိုယ် ဘယ်လောက်ထိ တော်တယ်၊ လုပ်နိုင်တယ် ဆိုတာကို သိလာမယ်။ ရှိတဲ့အရည်အချင်းကို အကုန်လုံးထုတ်လေ အစွမ်းအစတွေ ပိုပြီး တိုးလာလေပါ။ ပိုပြီးကောင်းမွန်တဲ့ အရည်အချင်း၊ အစွမ်းအစတွေထပ်ပြီး ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ ကြိုးစားပြီး အရည်အချင်းထုတ်တဲ့သူတွေ ဒီထပ် ပိုပြီးတော့ တော်လာမယ်။ ပိုပြီးလည်း အောင်မြင်လာနိုင်ကြမှာ ဖြစ်ပါတယ်။
ဒီနေ့နှစ်မိနစ်တာအချိန်လေးက မိတ်ဆွေအတွက် အကျိုးရှိမယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ် 😃