28/07/2021
ဆရာတော်၏ ဆုံးမစကားကို
ခုတော့ (ယနေ့မှစ၍)
အမြဲနှလုံးသွင်းထားလိုက်ပါပြီ။
#တစ်ချိန်ချိန်_မှာတော့_ခွဲရမှာပါ
******************************
#တစ်ချိန်ချိန်မှာ_အားလုံးနဲ့_ခွဲခွာပြီး_သံသရာတစ်လျှောက်_ကိုယ်ပြုလာခဲ့တဲ့ #ကုသိုလ်ကံနှင့်_အကုသိုလ်ကံ_တွေကိုသာ_အဖော်မွန်ပြုလို့_ဘဝသံသရာ_ပြီးဆုံးသည့် #နိဗ္ဗာန်_ရောက်သည်အထိ_ဘဝသံသရာ_ခရီးကို_ကိုယ်တစ်ယောက်တည်း_သွားရမှာပါ။...............................................................
မနက်က ••
ဒကာတစ်ယောက်က လျှောက်တယ်။
သူက မိသားစုနဲ့ ခွဲသွားရနိုင်တဲ့ ကျန်းမာရေးအခြေအနေမျိုးနဲ့ ကြုံနေရတယ် လို့ ဆိုတယ်။
ဆေးရုံ တက်နေချိန် မှာဆို ရှင်ကွဲ၊ ကွဲနေရတယ်။
ဆေးရုံက ပြန်မလာ နိုင်တော့ရင် သေကွဲ၊ ကွဲရတော့မယ့် အခြေအနေလို့ ဆိုပါတယ်။
(၃)နှစ်အရွယ် သမီးငယ်လေးက သူ ဆေးရုံ၊ ဆေးခန်း သွားရခါနီးတိုင်း ငိုတယ် တဲ့။ ဒါကြောင့် သူ့ကို စိတ်အား ရှိစေမယ့် တရားဓမ္မ ဟောကြားပေးပါလို့ လျှောက်ထား လာပါတယ်။................................................................
ဟိုတုန်းက ••
သူရူး တစ်ယောက်က ရေအိုင်စပ်မှာ ထိုင်နေတုန်း ရေအိုင်ထဲကို တောဘဲအုပ်ကြီး ကျလာတယ်။
သူက တောဘဲအုပ်ကြီးကို သူပိုင်တဲ့ ဘဲတွေလို့ သတ်မှတ်ပြီး တုတ်တစ်ချောင်းကိုင်ပြီး ဘဲကျောင်း နေခဲ့တယ်။
ဒီလိုနဲ့ ငါ့ဘဲတွေလို့ စိတ်ကူးယဉ် ကောင်းနေတုန်း ညနေ အချိန်ကို ရောက်လာတယ်။
ညနေ ရောက်တော့ ••
တောဘဲတွေက ကောင်းကင်ပျံတက်ပြီး အိပ်တန်းဆီ ပြန်ကြတယ်။
အဲဒီ အခါမှာ ••
သူက တုတ်တစ်ချောင်းကိုင်ပြီး ငါ့ဘဲတွေ၊ ငါ့ဘဲတွေ ဘယ်သွား ကြတာလဲ လို့ အော်ရင်းနဲ့ ဘဲအုပ်ကြီးနောက်ကို ပူဆွေးစွာနဲ့ ပြေးလိုက် သွားတယ်။
တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။
လူကောင်း ဆိုရင်လည်း တောဘဲအုပ်ကို ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား။ မထင် ပါဘူးနော်။
ဘဝ တစ်ခုမှာ ••
ခဏတာ တွေ့ဆုံ၊ ကြုံကြိုက်ရတဲ့ သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်းကို လူတွေက ကိုယ့်အပိုင်လို့ ထင်နေကြတယ်။
တကယ်က ဘယ်သူကမှ ဘယ်သူ့ကို မပိုင်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ် မပိုင်ပါဘူးနော်။ သေရင် ထားခဲ့ ရမှာပဲ မဟုတ်ပါလား။
အကြောင်း သင့်တုန်းလေးမို့ ••
တဒင်္ဂ ပေါင်းဆုံ နေကြရတာ ဖြစ်တယ်။
အကြောင်း မသင့်တဲ့တစ်နေ့ သေခွဲ မဟုတ်ရင် ရှင်ခွဲ, ခွဲကြ ရမှာ ဖြစ်တယ်။
ဒါက ••
ကိုယ့်တစ်ယောက်ထဲဘဲ ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ (၃၁)ဘုံလုံး ဖြစ်နေကြတာ။
ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။
ဒါက (၃၁)ဘုံမှာ ရှိတဲ့ သတ္တဝါတွေ အားလုံးအတွက် ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ ဖြစ်တယ်။
သို့သော်လည်း ••
ကိုယ့်ဘဲအုပ်ကြီးလို့ စိတ်ကူးယဉ် ကောင်းနေတုန်းမှာ ရုတ်တရက် ခွဲရတော့ အတော် ခံစား ကြရတယ်နော်။
သတင်းစာ တွေရဲ့ ••
နောက်ကျောမှာ ပါတဲ့ ကိုယ်နဲ့ သိကျွမ်းခြင်းမရှိတဲ့ သူတွေရဲ့ နာရေး သတင်းတွေကို ဖတ်မိတဲ့ အခါမှာ ဘာ ခံစားရလဲ။ ဘာမှ မခံစားရဘူး မဟုတ်ပါလား။
ကိုယ်နဲ့ ဆိုင်တယ်၊ ကိုယ်ပိုင်တယ် လို့ သတ်မှတ် မထားလို့ပေါ့နော်။ ကိုယ်ပိုင်တယ်၊ ကိုယ်နဲ့ ဆိုင်တယ် လို့ သတ်မှတ်ထားရင် ခံစား ကြရပါတယ်။
ဒီတော့ ••
သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်းတွေကို ကိုယ်ပိုင်တယ်၊ ကိုယ်ဆိုင်တယ် ဆိုတဲ့ အထင်၊ အမြင် မှားနေမှုကို သတိလေးနဲ့ လျော့ချရမယ်။
ကိုယ် မထားခဲ့လဲ တစ်နေ့မှာ သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။ ဒီ သဘာဝကို နားလည်၊ လက်ခံ နိုင်ရမယ်။
ကိုယ်တကယ် ပိုင်တာ၊ ကိုယ်တကယ် ဆိုင်တာက သံသရာတစ်လျှောက် ကိုယ်ပြုလာခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေပဲ ဖြစ်တယ်။
ကိုယ့်ဘဝ သံသရာရဲ့ အဖော်မွန်အစစ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေသာ ဖြစ်တယ်။
သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း ဆိုတာက သုဿာန် ဟိုဘက်အထိ လိုက်လို့ မရဘူး။
ကိုယ်ပြုထားတဲ့ ကံတွေကတော့ ကိုယ်သွားရာ သံသရာကို နိဗ္ဗာန် မရောက်မချင်း အရိပ်လို လိုက်ပါ နေကြမှာ ဖြစ်တယ်။
လူဆိုတာ ••
အကြောင်းဆုံလို့ ပေါင်းဆုံ ရတဲ့အခါမှာ အကောင်းဆုံးနဲ့ ပေါင်းဆုံ ခဲ့ကြသလို အကြောင်းမဆုံတော့လို့ ခွဲခွာ ကြ ရတော့မယ် ဆိုရင်လည်း အကောင်းဆုံးနဲ့ ခွဲခွာနိုင်ဖို့ လိုတယ်။
ကိုယ်က ••
သား၊ သမီး၊ ဇနီးနဲ့ ခင်ပွန်း တွေကို စွဲလမ်း၊ တပ်မက်စိတ်နဲ့ သေတယ်ဆိုရင် မကောင်းတဲ့ ဘုံဘဝကို လားရောက် ရမယ်။
ကိုယ့်ရဲ့ ••
စွဲလမ်း တပ်မက်စိတ်က သူတို့ကို ကောင်းကျိုး တစ်စုံတစ်ရာ ပြုနိုင်သလား ဆိုတော့ မပြုနိုင်ဘူး။
ကိုယ့်အတွက် ••
ကောင်းကျိုး ပြုသလား ဆိုတော့လည်း မပြုပါဘူး။
နှစ်ဖက်ရှုံး, ရှုံး စေတယ်နော်။
ဒါကြောင့် ••
နှစ်ဖက်ရှုံး, မရှုံး ရအောင် ဒီအချိန်က စလို့ မိသားစုကို ငါတကယ် မပိုင်၊ ငါတကယ် မဆိုင်ဘူးလို့ နားလည်၊ လက်ခံပါ။
ဒီ အခြေအနေက ••
ငါတစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူး ဆိုတာကိုလည်း နားလည် လက်ခံပါ။
မိသားစုကို ချစ်သလို၊ ငါ့ကိုယ် ငါလည်း ချစ်မှ တော်မယ်လို့ တွေးပြီး ဒါန၊ သီလ၊ ဘာဝနာ အမှုတို့ကို ဘဝသံသရာမှ လွတ်မြောက်နိုင်သည့် နိဗ္ဗာန် ရောက်သည်အထိ ရည်မှန်းပြီး စွမ်းအား ရှိသလောက် ပြုလုပ်၊ အားထုတ်ပါ။
#မိသားစုဆိုတာ_တစ်ချိန်ချိန်_မှာတော့_ကိုယ်_မခွဲရင်လည်း_သူတို့က_ကိုယ့်ကို_ခွဲခဲ့_မှာဘဲနော်။
✿ ပါချုပ်ဆရာတော်_ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ✿
Credit,
#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731