17/01/2026
“ထိန်းရမှာ စိတ်မဟုတ်ဘူး၊ ကိုယ့်တုံ့ပြန်မှု”
🔳 Emotional Control - စိတ်ခံစားချက်ကို ထိန်းချုပ်တယ်လို့ ရေးကြ၊ ပြောကြပေမဲ့ တကယ်တမ်းတော့ စိတ်ခံစားချက်ဆိုတာ အလိုအလျောက် ဖြစ်လာတဲ့ကိစ္စ။ ထိန်းလို့ရတာ မဟုတ်ဘူး။ စိတ်ခံစားချက်အလျောက် မတုန့်ပြန်မိအောင်သာ ထိန်းကြရတာ။
ဒီလိုထိန်းနိုင်ခြင်း၊ မထိန်းနိုင်ခြင်းပေါ် မူတည်ပြီး မှန်ခြင်း၊ မှားခြင်းတွေ၊ လူ့အဆင့်အတန်းတွေ ကွဲပြားကုန်ကြတာ ဖြစ်တယ်။
ဘာလို့ ဒါကို ပြောရတာလဲဆိုတော့ စိတ်ရဲ့ သဘာဝကို နားလည်ပါမှ ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာမို့လို့ပဲ။
🔳 ဒီဘက်နောက်ပိုင်းမှာ အကြားရများလာတာတွေ ရှိတယ်။ Positive vibe only ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး လူတွေရဲ့ ဆင်းရဲဒုက္ခကို မျက်ကွယ်ပြုလာတဲ့ကိစ္စ၊ မကြားချင်ယောင် ဆောင်လာကြတဲ့ကိစ္စ။
လူဟာ တချိန်လုံး စိတ်ချမ်းသာချင်နေလို့ မရဘူး၊ ဖြစ်လည်း မဖြစ်နိုင်ဘူးဆိုတာ ကြိုက်တဲ့ စိတ်ပညာရှင်၊ စိတ်ကျန်းမာရေး ကျွမ်းကျင်သူကို သွားမေးကြည့်လို့ရတယ်။
ဝမ်းနည်းစရာတွေ့ရင် ဝမ်းနည်းရမယ်။ ဒေါသဖြစ်စရာတွေ့ရင် ဒေါသဖြစ်ရမယ်။ စိတ်ညစ်စရာကြုံရင် စိတ်ညစ်ရမယ်။ တချိန်လုံး Positive vibe ပဲ လိုချင်နေလို့ မရဘူး။
🔳 ဘာလို့ဆိုတော့ Negative emotion တွေမှာလည်း အကျိုးပြုတာတွေ ရှိတယ်။ ပြောရရင် လူတွေကို ကာကွယ်ပေးတာ Negative emotion တွေပဲ။
ကိုရီးယားကား ပြီးအောင် မကြည့်ရသေးလို့ ဆိုပြီး ညဘက်တွေးပူပြီး အိပ်မပျော်တဲ့သူ မရှိဘူး။ အလုပ်တွေ မပြီးသေးဘူး၊ စာပြီးအောင် မကျက်ရသေးဘူး ဆိုပြီး ပူပန်တာပဲ ရှိတယ်။ ဘာလို့လဲ။ ကိုရီးယားကားသည် အရေးမကြီးဘူး။ အလုပ်သည်၊ စာသည် အရေးကြီးတယ်။ အရေးကြီးကြောင်း သိသာအောင် စိတ်ဖိစီးမှု ဆိုတဲ့ ခံစားချက်က ပြသပေးထားတာ။
မကျန်းမာမှာ ကြောက်တယ်။ သေမှာ ကြောက်တယ်။ ဆင်းရဲရမှာ ကြောက်တယ်။ အများက ကဲ့ရဲ့မှာ ကြောက်တယ်။ ဒီအကြောက်တရားတွေကပဲ ကျွန်တော်တို့ကို အနေအထိုင် ဆင်ခြင်အောင်၊ အန္တရာယ်များတဲ့ အလုပ်တွေ (ဥပမာ ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းတာမျိုးတွေ) မလုပ်အောင်၊ ပိုက်ဆံရှာချင်အောင်၊ လူကဲ့ရဲ့စရာတွေ မလုပ်မိအောင် ကာကွယ်ပေးထားတာ။
🔳 ဟော … အခုကာလ လူပေါင်းများစွာ ဒုက္ခရောက်နေကြတယ်။ ကိုယ့်မထိသေးတိုင်း ပျော်ပြ၊ ပါးပြ၊ ကိုယ်အောင်မြင်တာ၊ အဆင်ပြေတာတွေ ကြွားပြနေရင် လူပီသတဲ့သူ ဟုတ်နိုင်ပါဦးမလား။ ဘယ်နေရာမှာ အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးရတယ်။ ကိုယ်မသိဘူး။ သွားလာပျော်ပါး မပျက်ဘူး။ အဲဒီလူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်နိုင်ပါတော့မလား။
ကျွန်တော်တို့ကို ခုလောက်ထိ ဒီအလုပ်တွေ လုပ်နိုင်စေတာလည်း Negative Emotion တွေကြောင့်ပဲ။ ဝမ်းနည်းတယ်။ စိတ်မကောင်းဖြစ်တယ်။ ငါ့သားလေးသာ ဖြစ်ခဲ့ရင်၊ ငါ့အစ်ကို၊ ငါ့ညီမ၊ ငါ့အဖေ၊ ငါ့အမေသာ၊ ဒါမှမဟုတ် ငါကိုယ်တိုင်သာဆိုရင် လို့ ကိုယ်ချင်းစာမိတယ်။ တစ်ခါတလေ တနုံ့နုံ့ ဒေါသထွက်တယ်။ လုပ်ရက်လိုက်ကြတာ၊ ရက်စက်လိုက်ကြတာ၊ ကြိတ်မနိုင်ခဲမရ ဖြစ်တယ်။ အပြစ်ရှိသလိုလည်း ခံစားကြရတယ်။ ဒါတွေကပဲ ငါတို့ ရပ်လိုက်လို့ မဖြစ်သေးဘူး ဆိုတဲ့ တွန်းအားတွေ ရလာစေတာ။ ဒီခံစားချက်တွေကပဲ ကျွန်တော်တို့ကို မောင်းနှင်ပေးတာ။
🔳 ဒါ့အပြင် Positive Emotion တွေပဲ ခံစားချင်တယ် ဆိုတဲ့သူဟာ Negative emotion တွေကို ငြင်းဆန်၊ ဖိနှိပ်မိသွားတတ်တယ်။ အဲဒါကလည်း ရေတိုမှာ မသိသာပေမဲ့ ရေရှည်ကျ အဆင်မပြေတော့ဘူး။
ငါ ဝမ်းမနည်းဘူး၊ ငါ မနာလိုမဖြစ်ဘူး၊ ငါ စိတ်ဓါတ်မကျဘူး၊ ငါ ဘာမှမဖြစ်ဘူးနဲ့ ချိုးနှိမ်ထားခြင်းက မကောင်းတဲ့ နောက်ဆက်တွဲတွေကို ယူဆောင်လာပေးမှာဖြစ်တယ်။ ဒါကြောင့်လည်း ဗုဒ္ဓဝါဒမှာ “ကိုယ့်စိတ်ထဲ ဖြစ်တာတွေကို ဖြစ်တဲ့အတိုင်းပဲ သိနေပါစေ” လို့ ပြောကြတာ။
အင်္ဂလိပ်လိုရေးရရင် Suppress မလုပ်နဲ့။ ကိုယ့်ရဲ့ တုံ့ပြန်ပုံတွေကိုသာ Control လုပ်။
🔳 Positive vibe only ရဲ့ ဆန့်ကျင်ဘက် နောက်အစွန်းတစ်ဖက်ကျတော့ ခံစားချက်အလျောက် တုံ့ပြန်နေတာ၊ စိတ်ခံစားချက်ရဲ့သားကောင် အဖြစ်ခံနေတာကို လူပီသတယ် ဆိုပြီး လွှတ်ထားပေးကြပြန်တာပဲ။
ဥပမာ ဒေါသအလျောက် ဆဲဆိုတိုက်ခိုက်နေတာ၊ Live လွှင့်ပြီး အယုတ္တအနတ္တတွေ ပြောနေတာ၊ စိတ်အဆင်မပြေလို့မို့ အရက်တွေ၊ မူးယစ်ဆေးတွေနဲ့ ထွက်ပေါက်ပေးနေတာကို ဖြစ်သင့်တယ်လို့ မြင်နေကြတာပေါ့။
ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ရင် ဒီကောင် ဟန်ဆောင်နေတာ၊ ကိုယ့်ဒေါသ လူမသိအောင် စီမံနိုင်ရင် ဒီကောင် ကြောင်သူတော်ပဲ၊ အားကစားလုပ်တာ၊ Journal ရေးတာတွေနဲ့ စိတ်ကို ကိုင်တွယ်နေရင် အဲဒါ ရေပေါ်ဆီဆန်တာ စသဖြင့် မြင်တတ်ကြတယ်။
🔳 အဲဒီအစွန်းနှစ်ဖက်ရဲ့ ကြားမှာ ရှိနေတာ တခြားမဟုတ်ဘူး။ Mindfulness ဆိုတဲ့ သတိပဲ။
ကိုယ့်မှာ ဖြစ်လာတဲ့ ခံစားချက်တွေကို မဖြစ်ရဘူး ဆိုပြီး ချိုးနှိမ်ထားတာလည်း မဟုတ်။ ဖြစ်လာသမျှ ခံစားချက်တွေရဲ့ သားကောင်အဖြစ်ခံတာလည်း မဟုတ်။ သတိနဲ့ ဆင်ခြင်ပြီး မှန်ကန်တဲ့ပုံစံနဲ့ တုံ့ပြန်တာမျိုး ဖြစ်ပါတယ်။
🔳 ဒေါသဖြစ်စရာနဲ့ ကြုံတယ်။ ဒေါသဖြစ်တယ်။ စိတ်ရှိတိုင်းသာ ဆဲဆိုရန်ဖြစ်နေရင်တော့ ပြဿနာတွေ ပြီးမှာမဟုတ်ဘူး။
ဒေါသဖြစ်လာရင် ဖြစ်တာကိုသိလိုက်။ တချို့ဒေါသက အရှိန်သိပ်မကြီးဘူး။ ထိန်းလို့လွယ်တယ်။ တချို့ဒေါသကျ အသားတဆတ်ဆတ် တုန်လောက်သည်အထိ ဖြစ်တာ။ အဲဒီအချိန် တစ်ခုခု ရေးမိ၊ ပြောမိ၊ လုပ်မိလို့ကတော့ မှားသွားဖို့ ၁၀၀% ပဲ။
တနေရာရာ ရှောင်ထွက်သွားရတယ်။ တယောက်ယောက်ကို ရင်ဖွင့်တာဖြစ်ဖြစ် လုပ်ရတယ်။ အော်သင့် အော်ပစ်ရတယ်။ နည်းနည်းကလေး အရှိန်ကျသွားပြီဆိုမှ မူလနေရာ ပြန်လာပြီး ပြဿနာကို ပြန်ဖြေရှင်းတဲ့အခါ အမှားနည်းသွားတယ်။ Anger management ဆိုတာ အဲဒါ။
🔳 တစ်ခါတလေ ပါးစပ်က ထိန်းမရလိုက်ဘူး။ လွှတ်ခနဲ ထွက်သွားတယ်။ မြန်မြန်ဆင်ခြင်နိုင်တော့ တစ်ဖက်လူကို ပြန်တောင်းပန်ဖြစ်သွားတယ်။ ပြဿနာလည်း အကျယ်အကျယ် မဖြစ်တော့ဘူး။
ဒါကြောင့် ဒေါသမထွက်တတ်တဲ့သူ ဆိုတာ မရှိဘူး။ တစ်ခါထွက် ၄ ရက်လောက် ကြာတဲ့သူရယ်၊ ၄ မိနစ် ကြာတဲ့သူရယ်၊ ၄ စက္ကန့်လောက်ပဲ ကြာလို့ အပြင်လူက သတိမထားမိလိုက်တဲ့သူရယ်ပဲ ရှိတယ်။ (ဒေါသစိတ်နေရာမှာ မနာလိုစိတ်၊ တပ်မက်စိတ် အစရှိတဲ့ စိတ်အညစ်အကြေး မှန်သမျှနဲ့ အစားထိုးကြည့်လို့ ရတယ်)
🔳 တရားထိုင်တယ် ဆိုတာ ဘာလုပ်တာလဲ ဆိုတော့ ကိုယ့်စိတ်ကို အဲဒီလို Slow motion နဲ့ မြင်နေအောင် လေ့ကျင့်တာပဲ။ ပုံမှန်လူကတော့ ဒေါသထွက်လာရင် ပြောချထည့်လိုက်တယ်။ Emotion နဲ့ Reaction က တဆက်တည်းပဲ။ သတိအားကောင်းတဲ့သူကတော့ Emotion နဲ့ Reaction ကြားမှာ နေရာကျယ်ကျယ်/ အချိန်ကြာကြာ ပိုရတယ်။ ဒီတော့ ခံစားချက်အလျောက် မတုံ့ပြန်မိအောင် ထိန်းနိုင်သွားတယ်။ ဒါပါပဲ။
🔳 ဒီတော့ စိတ်ခံစားချက်ဆိုတာ အလိုအလျောက် ဖြစ်လာတာ။ ထိန်းလို့ မရဘူး။ ရှောင်လို့ မရဘူး။ ချိုးနှိမ်ဖို့လည်း မသင့်ဘူး။
ဖြစ်လာတဲ့ ခံစားချက်ကိုသာ သတိထားမိအောင် ကြိုးစား။ သူက လှုံ့ဆော်တဲ့အတိုင်း မတုံ့ပြန်ဘဲ ဦးနှောက်ကနေ အကောင်းအဆိုး ပိုင်းခြားဆင်ခြင်ပြီးမှ တုံ့ပြန်။ အမှားနည်းသွားမယ်။ နောင်တနည်းသွားမယ်။ ကဲ့ရဲ့ပြစ်တင်ခံရမယ့် ကိစ္စတွေလည်း လုပ်မိတော့မှာ မဟုတ်ဘူး။
ဒေါက်တာ ဖြိုးသီဟ
၁၅.၁.၂၀၂၆
Credit