08/02/2024
ပုဂံမှာ ကျွန်တော်တို့ ဘာတွေ မှားခဲ့သလဲ.......................................................
ပုဂံကို ခရီးသွားကြမယ့်သူ အများစု ဂရုတွေထဲမှာ အမေးများကြတာက...
- ပုဂံကို ဘယ်လိုသွားရမလဲ။
- ဘယ်မှာတည်းရမလဲ။
- ဘယ်မှာစားလို့ အဆင်ပြေလဲ။
- ရှုခင်းဘယ်မှာ ကြည့်လို့ရလဲ။
- ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ။
- ဓာတ်ပုံလှလှ ဘယ်သူရိုက်ပေးတတ်လဲ။..... စသဖြင့်။
ပုဂံကို အပန်းဖြေ အလည်အပတ်ခရီး သဘောမျိုး သွားကြတာမို့လို့ အများစု ဒီလိုမေးခွန်းမျိုးတွေ မေးတတ်ကြတာ သဘာဝကျပါတယ်။ ဒါပေမယ့် ပုဂံက အပန်းဖြေ အလည်အပတ် ခရီးသပ်သပ်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ သွားသင့်တဲ့ နေရာမျိုးလောက်ပဲလား။ ကျွန်တော်တို့ ပြန်စဥ်းစားကြဖို့ လိုပါတယ်။
ပုဂံက မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်၊ သမိုင်း အမွေအနှစ်၊ ဘာသာ သာသနာ ထွန်းကားမှု ပြယုဂ်တွေ တစ်နေရာတည်းမှာ စုစည်းတည်ရှိနေတဲ့ နေရာဖြစ်လို့ ကျွန်တော့်အနေနဲ့ ပုဂံကို သွားတဲ့အခါ လည်ပတ် အပန်းဖြေယုံ (ဘုရားလည်ထွက်ယုံ) လောက် အခြေအနေမျိုးနဲ့ မသွားစေချင်ပါဘူး။ဘုရားလည်ဆိုတာ ကျွန်တော်တို့တွေ ဘုရားသွားတယ်.. ဝင်တဲ့အပေါက်က ဘုရားရှေ့မှာ ဦးချတယ်၊ ဘုရားကို တစ်ပတ်ပတ်တယ်၊ ဘယ်နေရာလေး ဓာတ်ပုံရိုက်လို့ အဆင်ပြေမလဲရှာတယ်... ဓာတ်ပုံရိုက်တယ် ပြီးတော့ ဟိုနားဒီနားကြည့်တယ်၊ ပြန်ဆင်းတယ်...အဲ့ဒါကို ဘုရားလည်တယ်လို့ ခေါ်တယ်။
ဘုရားမှာ လေ့လာစရာ ဘယ်နေရာတွေရှိလဲ၊ ဘုရားရဲ့ သမိုင်းကြောင်းက ဘာလဲ၊ ပါးစပ်ရာဇဝင်... မှတ်တမ်းရာဇဝင် ဘယ်လိုတွေရှိလဲ စသဖြင့် သိပ်စိတ်မဝင်စားကြဘူး၊ အချိန်လည်း မပေးချင်ကြဘူး၊ သိချင်စိတ်လည်း သိပ်မရှိကြဘူး။ အဲ့တော့ ရလာဒ်က ဘယ်လိုဖြစ်လာလဲဆိုရင် ပထမအဆင့်အနေနဲ့ ကိုယ်ရောက်ခဲ့တဲ့ ဘုရား ဘယ်ဘုရားမှန်း မသိဘူး၊ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ တည်လို့ တည်ခဲ့မှန်းလည်း မသိဘူး၊ ဘုရားသမိုင်းကြောင်းနောက်ခံက ဘယ်လိုရှိမှန်း မသိဘူး၊ စေတီတည်သူ ပြုပြင်ခဲ့သူတွေက ကောင်းမှု အပြင်...သူ့ဒါနကို ဖျက်ဆီးမယ့်သူတွေအတွက် ကျိန်စာတွေ ထားရစ်ခဲ့သလား ဘာလား ဆိုတာကိုလည်း မသိဘူး။ ဒုတိယအဆင့်အနေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဘုရား စေတီ ပုထိုးတွေ ရောက်ရှိချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လက္ခဏာရေး ၃ ပါး ကို ဆင်ခြင်တာ (ဥပမာ... ဘုရားတွေသည် အရင်တည်ဆောက်စဥ်အချိန်က အရမ်းကြီးကျယ်ခမ်းနားခဲ့လိမ့်မယ်.. ဒါပေမယ့် အခု နှစ်ပရိစ္ဆေဒတွေ ကြာမြင့်လာတဲ့အခါမှာ တဖြည်းဖြည်းယိုယွင်း ပျက်စီးသွားခဲ့ပြီ.. ထိုနည်းတူစွာ ငါ့ခန္ဓာသည်လည်း နေ့စဥ်နဲ့အမျှ ယိုယွင်းလာနေတယ်... ဒါ အနိစ္စသဘောပဲ စသဖြင့်...)၊ အနိမ့်ဆုံးအဆင့် မေတ္တာဘာဝနာပွားများတာတို့ ဆိုတာတွေက အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။
ဂရုထဲမှာ မကြာခဏ တွေ့ရတဲ့ အလှဓာတ်ပုံတွေကို ကြည့်ရင်း တစ်ခါတစ်လေ ဘုရားရဲ့ အဆုံးအမတွေကို ငါတို့ ကျောပေးထားသလို ဖြစ်နေခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲလို့ တွေးမိတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေက သတ္တဝါ တွေကို ရှိခိုးဦးချတတ်ဖို့၊ အလှူအတန်းပြုရုံလောက်နဲ့ တော်ဖို့ လမ်းပြခဲ့တယ်လို့များ ယူဆကုန်ကျပြီလား။
နောက်တစ်ပိုင်းက ပုဂံဘုရားတွေရဲ့ သမိုင်းကြောင်းတွေ ခိုင်မာမှု ရှိခြင်း မရှိခြင်းကို ခဏဘေးဖယ်ပြီး ပါးစပ်ရာဇဝင်ကိုပဲ အထိုက်အလျောက် လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။
ပုဂံပြည်ကို ဗုဒ္ဓသာသနာ ဘယ်လို ရောက်လာသလဲ။
အနော်ရထာ ဘယ်ဘုရားတွေ တည်ခဲ့သလဲ။
ရွှေဂူကြီး ဘုရားမှာ ဘယ်လို သမိုင်းတွေ ရှိသလဲ။
အလောင်းစည်သူ ဘယ်လို နတ်ရွာစံခဲ့ရသလဲ။
နရသူ ဘယ်လောက်ထိ ရက်စက်ခဲ့သလဲ။
ဓမ္မရံကြီး ဘုရားကို ဘာကြောင့်တည်ခဲ့သလဲ။
ဓမ္မရံကြီးဘုရားရဲ့ မြောက်ဘက် အာရုဏ်ခံအတွင်းထဲက ကျောက်စာမှာ ဘာတွေရေးထားလဲ။
မြစေတီကျောက်စာမှာ ဘာထူးခြားချက်တွေရှိလဲ။
နရပတိစည်သူက ဘယ်လိုမင်းမျိုးလဲ။
အနန္တသူရိယအမတ်ရဲ့ မျက်ဖြေလက်ာက ဘယ်လောက်ထိ အကျိုးသက်ရောက်ခဲ့သလဲ။
ဘာလို့ အလိုတော်ပြည့် ဘုရားလို့ ခေါ်သလဲ။......
မေးခွန်းပေါင်းများစွာ ... သိချင်စရာပေါင်းများစွာ...
ဒါပေမယ့် ဒီအပေါ်က မေးခွန်းတွေကို ပုဂံရောက်သူ အများစု ဘယ်သူမှ အခုတ်တရမေးတာ မတွေ့ရပါဘူး။
တိုက်တွန်းချင်တာ တစ်ခုက ပုဂံကို သွားဖြစ်တဲ့အခါ အလည်အပတ်အနေနဲ့လည်းသွားပါ။
အပန်းလည်းဖြေပါ။ ဓာတ်ပုံလှလှတွေလည်း ရိုက်ခဲ့ပါ။
ပုဂံရဲ့ သမိုင်းနဲ့ ပုဂံမင်းအဆက်ဆက်မှာ ကောင်းမွေ၊ ဆိုးမွေတွေ ဘယ်လိုလက်ဆင့်ကမ်းခဲ့ကြတယ် ဆိုတာကိုလည်း လေ့လာကြည့်ခဲ့ပါ။
ကိုယ့် သားသမီးတွေ အတူပါခဲ့ရင် သူတို့တွေကိုလည်း ကိုယ့် ဘိုးဘွားတွေ ဘာလုပ်ခဲ့ကြတယ် ဆိုတာကို အကျဥ်းလောက် သိခွင့်ရဖို့ ဖန်တီးပေးကြပါ။
အပေါ်က မေးခွန်းတွေ အကျဥ်းလောက် သိခွင့်ရဖို့ စာအုပ်တစ်အုပ်လည်း ကျွန်တော် အောက်မှာ မိတ်ဆက်ပေးထားပါတယ်။ အချိန်ရခဲ့ရင် ဘုရားထဲ မဝင်ခင် သမိုင်းကြောင်းဖတ်ဖို့ ၅ မိနစ်လောက် အချိန်ပေးကြည့်ပါ။ ပြီးမှ ဘုရားဝင်ဖူးပါ။ အပြည့်အစုံကြီး မဟုတ်ပေမယ့် အရင်ရောက်ခဲ့ဖူးတဲ့ အခြေအနေနဲ့ ကွဲပြားခြားနားတဲ့ ခံစားချက်ကို တွေ့ရပါလိမ့်မယ်။
အဲ့ကမှ တဆင့် သံသရာဝဋ်ဆင်းရဲက ဘာလဲဆိုတာ ကျွန်တော်တို့ နောက်တစ်ဆင့်သွားကြတာပေါ့။
Dhamma Review created by Bone Par Par
1250 AM
080224