28/10/2021
#စာဖတ်ခြင်းအကျိုး ၁၀ ပါး
၁) စာအရမ်းဖတ်သူတွေဟာ စာအုပ်ကို တစ်ရက်မဖတ်ရရင် မနေတတ် မထိုင်တတ်ဖြစ်ကြတယ်။ ဒီအကျင့်ကြောင့် သူတို့ဟာ စထားတဲ့အလုပ်တစ်ခုကို ကြာရှည်မလုပ်ဘဲ ရပ်မထားနိုင်ကြဘူး။
၂) စာအုပ်ကို ဖတ်ရင်းနဲ့ သူသိချင်တာကို စာအုပ်ထဲမှာ အာရုံစူးစိုက်ရှာဖွေ ဖတ်တယ်။ ရှာဖွေနေတာကို မတွေ့မချင်း စာအုပ်မှာ ကြိုးစားရှာဖွေတတ်တဲ့ အကျင့်ကြောင့် အလုပ်လုပ်ရာမှာလည်း အလုပ်ပြီးမြောက်တဲ့အထိ အာရုံစူးစိုက်လုပ်တတ်တယ်။
၃) စာအရမ်းဖတ်သူတွေဟာ ရတဲ့အချိန်လေးကို လုပြီး စာဖတ်တတ်ကြတဲ့ အကျင့်ကြောင့် အချိန်ကို အလွန်တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချတတ်ကြတယ်။
၄) စာအုပ်ပေါင်းများစွာ ဖတ်ထားသူတွေဟာ စာရေးသူပေါင်းစုံရဲ့ အမြင်ရှုထောင့်မျိုးစုံကို သိထားကြတယ်။ ဒါကြောင့် သူတို့ဟာ လုပ်ငန်းမှာ ပြဿနာတစ်ခုပေါ်လာရင် ထောင့်စေ့အောင် တွေးတောစဉ်းစားပြီး ဆုံးဖြတ်ချက်ချတတ်ကြတယ်။
၅) စာဖတ်ပြီးသွားရင် မိမိဖတ်ပြီးတဲ့ စာကို ကျေညက်အောင် ပြန်လည်သုံးသပ်ကြည့်တဲ့ အကျင့်ကြောင့် သူတို့ဟာ ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်ဘဲ အခြားသူတွေရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားပြီး မှန်မှန်ကန်ကန် မျှမျှတတ ဆုံးဖြတ်တတ်ကြတယ်။
၆) စာဖတ်သူတွေဟာ အသိဥာဏ်ဗဟုသုတကြွယ်ဝြကလို့ စာရေးကောင်းတယ်။ အပြောကောင်းကြတယ်။
၇) ဦးနှောက်ဟာ အသိဥာဏ်ပညာကို အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်တယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ ဖတ်လိုက်သမျှ အကြောင်းအရာ ဥာဏ်ပညာတွေဟာ ဦးနှောက်ထဲမှာ နေရာအကန့်အသတ်မရှိ သိမ်းထားနိုင်ကြတယ်။ သူတို့သေသေချာချာ ဖတ်ထားသမျှတွေဟာ ဦးနှောက်ထဲက ဘယ်တော့မှ ပျောက်ပျက်မသွားလို့ သူတို့လိုတဲ့အချိန်မှာ ထုတ်သုံးနိုင်ကြတယ်။
၈) ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေ သန်မာစေဖို့ အားကစားရုံမှာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ပေးရသလို ဦးနှောက်ကြွက်သားတွေကိုလည်း သန်စွမ်းအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ လေ့ကျင့်တဲ့နည်းတစ်ခုကတော့ စာဖတ်ပေးခြင်းပါ။ စာမှန်မှန်ဖတ်ပေးခြင်းဖြင့် ဦးနှောက်ဟာ အမြဲလန်းဆန်းပြီး အကြံသစ်ဥဏ်သစ်တွေ ပေါ်ထွက်နေပါတယ်။ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားအဖြေရှာတတ်ပါလိမ့်မယ်။
၉) စာဖတ်သူတွေဟာ စာအုပ်ကို ပညာဆည်းပူးရာနေရာတစ်ခုလို့ သတ်မှတ်ထားကြတယ်။ သူတို့ဟာ စာအုပ်ထဲက နည်းပညာတွေ သိရုံမက ၀တ္တုစာအုပ်တွေကနေ ဘ၀အတွက် သင်ခန်းစာတွေ ယူတတ်ကြတယ်။
၁၀) စာဖတ်သူတွေဟာ အလွန်စိတ်ချမ်းသာသူတွေ ဖြစ်ကြတယ်။ သူတို့ဟာ စာဖတ်နေစဉ်မှာ သူတို့ရဲ့ သောကတွေ စိတ်ပူပန်တာတွေကို မေ့ပြီး စာအုပ်ထဲက အကြောင်းအရာ အဖြစ်အပျက်တွေမှာ နစ်မြောနေတတ်ကြလို့ပါ။
သင့်အတွက်အကျိုးရှိပါက သူငယ်ချင်းများကို မျှဝေလိုက်ပါ
ဗန်းမော်သိန်းဖေ
၀၈-၁၀-၂၀၁၇
မေတ္တာဖြင့် နွေဦး ပြန်လည်မျှဝေသည်။
စာချစ်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ◾️◾️◾️
Min Book Shop